နန်းမြတ်ဖြိုးသင်းကတော့ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်ရောဂါလက္ခဏာတွေ ဖြစ်လာမှာကို စိုးရိမ်လို့ လစဉ်ကျန်းမာရေး စစ်ဆေးတာတွေ လုပ်နေတယ်လို့ဆိုပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းကတော့ အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လစဉ် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။
“ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ထွေထွေထူးထူး ဂရုစိုက်ရတယ်ဆိုတာထက် သွေးဖောက်ပြီး ဆေးစစ်တာတွေတော့ရှိတယ်။ ဆေးစစ်တယ်ဆိုတာကလည်း ကိုယ်ဝန်ဆောင်ပြီးတော့မှ ဆီးချို၊ သွေးချို လက္ခဏာပြတတ်တဲ့သူတွေလည်းရှိတယ် ဒါမျိုး လက္ခဏာတွေရှိမရှိ မဖြစ်မနေ စစ်ဆေးရမယ့်အထဲက ပုံမှန် စစ်ဆေးမှု တစ်ခုပဲပေါ့နော်။ လစဉ်အလိုက် လိုအပ်တဲ့ စစ်ဆေးမှုလေးတွေကို OG နဲ့ တိုင်ပင်ပြီးတော့ စစ်ဆေးနေပါတယ်” လို့ ဆိုပါတယ်။
Photo: Nan Myat Phyo Thin
နန်းမြတ်ဖြိုးသင်းက သူမရဲ့ သမီးလေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မွေးဖွားမယ်လို့ဆိုပါတယ်။ သမီးလေးကို ကိုယ်ဝန်ဆောင်ရင်း ထူးခြားမှုလေးတွေ ကြုံတွေ့နေရတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။
“ အခုဆိုရင် ကိုယ်ဝန်က (၆) လရှိပြီ။ ဖေဖော်ဝါရီလထဲမှာတော့ မွေးမယ့်ဒိတ်ပေးထားတယ်။ ထူးခြားမှုကတော့ Jack Jack လေးတုန်းက ကိုယ်ဝန်နဲ့ ကွာတယ်။ သူများတွေ ပြောဖူးတယ် မိန်းကလေး ကိုယ်ဝန်က လေးပြီးတော့ ပေါ့ပေါ့ပါးပါးမရှိဘူးပေါ့နော်။ အခုတော့ ကိုယ်ကိုယ်တိုင် ကြုံဖူးပါပြီ။ ယောက်ျားလေး ကိုယ်ဝန်လွယ်ထားရတုန်းကဆိုရင် ခရီးတွေလည်းသွား၊ ကိုယ်ဝန်ရှိမှန်းတောင်မေ့နေသလောက် ပေါ့ပါးတာပါ။ သမီးလေးရဲ့ ကိုယ်ဝန်မှာတော့ အထိုင်အထတွေ လေးတယ်၊ အသက်ရှုကြပ်တယ် အသက်ကြောင့်ပဲလား၊ ကိုယ်ဝန်ရဲ့ ကွာခြားမှုကြောင့်လား မသိဘူး ကွာခြားမှုတွေကိုတော့ သတိထားမိနေတယ်” လို့ သူက ဆိုပါတယ်။
Photo: Nan Myat Phyo Thin
သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ မေမေ ဖြစ်လာတော့မယ့် နန်းမြတ်ဖြိုးသင်းကတော့ မိသားစုလေးအကြောင်းကို တွေးရင်း ပျော်ရွှင်နေပါတယ်။ သမီးလေးကို မွေးဖွားလာလို့ သားလေးကို ဂရုစိုက်မှု လျှော့နည်းသွားခဲ့ရင် သားကို စိတ်မကောင်းမဖြစ်စေဖို့ ကြိုးစားသင်ယူနေတယ်လို့ ဆိုပါတယ်။
“ သမီးလေးအတွက်ကိုတော့ ကြိုပြီးတော့ မျှော်လင့်ထားတာ မရှိဘူး။ အဓိက ကတော့ နို့တိုက်ဖို့ကိစ္စလေးပါပဲ။ တချို့မေမေတွေဆို နို့ခဲတာတွေ ဖြစ်ကြတယ်၊ နန်းမြတ်ကတော့ Jack Jack လေးတုန်းက နို့တိုက်ခွင့်ရခဲ့ပေမယ့် သမီးလေး အလှည့်မှာ ဘယ်လိုခံစားရမလဲဆိုတာ မသိသေးဘူး။ သမီးလေးကို မွေးပြီးရင်လည်း သားသားကို ဂရုစိုက်မှု လျှော့သွားတဲ့အခါကျရင် သားသားကို စိတ်ဓာတ်မကျအောင်၊ စိတ်ဒဏ်ရာ မရအောင် အဓိက ဂရုစိုက်ရတယ်။ ပြီးတော့ သားသားကိုလည်း ဗိုက်ထဲမှာ ညီမလေးရှိတယ်၊ သားသားနဲ့ အတူတူ ဆော့ဖို့ မွေးပေးမယ်ဆိုတာလေးတွေ သူ ပျော်အောင် သင်ပေးထားတယ်၊ ညီမလေးကိုလည်း ကြိုဆိုဖို့ သူ့ကို သေချာ ပြောပြထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Nan Myat Phyo Thin
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။
Share