(၂၀၁၅) မဲရလဒ်ကို ပြောင်းပြန်လှန်ခဲ့တဲ့ နယ်မြေအချို့ကို ရွေးချယ်ဖော်ပြထားခြင်းဖြစ်ပါသည်။

၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ရာကနေရှုံး၊ ရှုံးရာကနေပြန်နိုင်ခဲ့ပြီး ပြောစမှတ်ဖြစ်ခဲ့ရတဲ့ ထူးခြားနယ်မြေတွေရှိခဲ့ပါတယ်။ တစ်ဖက်မှာဒီချုပ်က ၂၀၁၅ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တဲ့နယ်မြေတွေရှိခဲ့သလို တစ်ဖက်မှာလည်း ဒီချုပ်အမတ်တွေ လွှတ်တော်ထိုင်ခုံနေရာတွေကို လက်လွှတ်ပေးခဲ့ရပါတယ်။ 

ဒီလိုမျိုး အရှုံးအနိုင်အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေထဲက နိုဝင်ဘာ (၈) ရက်နေ့မှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီးတော့ မဲရလဒ်အပြောင်းအလဲကို နောက်ဆုံးအချိန်အထိ ရင်ခုန်စောင့်ကြည့်ခဲ့ရတဲ့ ဒေသတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်........

 “မိတ္ထီလာမှာ ရွေးကောက်ပွဲရလဒ်ဘာကြောင့် ဒီလောက်ထိ ပြောင်းလဲသွားရလဲဆိုတာက မဲစာရင်းတွေ သိပ်ကို ကွာဟလွန်းတာကြောင့်ပါ။ မဲစာရင်းမှားယွင်းမှုတွေက ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲဖြစ်နိုင်တဲ့ အဖြေတစ်ခုပါပဲ။ ” 



အံ့အားသင့်စရာဖြစ်ခဲ့ရတဲ့ အနိုင်/အရှုံးပြောင်းပြန်မဲရလဒ်အပေါ် အတိုက်အခံပါတီရဲ့မချိတင်ကဲဖြစ်နေတဲ့ စကားသံပါ။

တစ်ချိန်က အစိမ်းရောင်လွင်ပြင်လို့ တင်စားရလောက်အောင် ပြည်ခိုင်ဖြိုး အားကောင်းခဲ့တဲ့ မိတ္ထီလာမြို့ကို ဒီနှစ်မှာ အနီတွေကသိမ်းပိုင်လိုက်ပြီလို့တောင် ပြည်သူတွေကပြောနေကြပါတယ်။ နေရာအများစုမှာ အပြတ်အသတ် ထောက်ခံမှုရခဲ့တဲ့ NLD အတွက် အစိမ်းရောင်လွှမ်းတဲ့မြေမှာ ယှဉ်ပြိုင်ရတာကတော့ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဒါပေမယ့် UEC ရဲ့ တရားဝင် ရလဒ်ထွက်လာချိန် NLD က လွှတ်တော် (၃)နေရာလုံး ပြိုင်ဘက်ပါတီကို အပြတ်အသတ်နိုင်သွားခဲ့တဲ့သတင်းက သမိုင်းတစ်ရပ်ကို ပြောင်းလဲပစ်လိုက်သလိုပါပဲ။

၂၀၁၅မှာ ပြည်ခိုင်ဖြိုးရဲ့အောင်ပွဲဘယ်လိုဖြစ်တည်ခဲ့သလဲ

မိတ္ထီလာလို့ ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ (၇) နှစ်ဝန်းကျင် (၂၀၁၃) ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိဂရုဏ်းဖြစ်စဉ်နဲ့ တွဲပြီးမြင်ကြပါတယ်။ သာမန် ပြဿနာ အသေးအဖွဲလေးကနေစခဲ့တဲ့ ကောလဟလမှိုင်းတွေက မိတ္ထီလာကို ဆိုးရွားတဲ့ပဋိပက္ခတွေဆီကို တွန်းပို့ပစ်လိုက်ပါတယ်။ 

ဒီလို အတိတ်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပြီးတဲ့နောက် (၂၀၁၅) ရွေးကောက်ပွဲကာလတွေမှာအာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ အမျိုးဘာသာ၊သာသနာကို အကြောင်းပြုပြီး မဲဆွယ်စည်းရုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။ ဒီအချက်က ဒေသခံပြည်သူတွေအကြား ဇဝေဇဝါဖြစ်သွားခဲ့ပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

“မိတ္ထီလာက ဘာသာရေးကို အသုံးချပြီး သူအနိုင်ရသွားတာ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ဒါကို ပြည်သူတွေ သိသွားတဲ့အခါမှာ ပြည်ခိုင်ဖြိုးကို လက်မခံတော့ဘူး” လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာမျိုးရန်နောင်သိန်းက သုံးသပ်ပါတယ်။

၂၀၂၀မှာ မိတ္ထီလာကို ပြန်နိုင်ခဲ့တဲ့ NLDရဲ့ဗျုဟာ

NLD ဟာ (၂၀၁၅) မှာ မိတ္ထီလာကိုအရှုံးပေးခဲ့ရပေမယ့် ငါးနှစ်တာအစိုးရသက်တမ်းအတွင်း လုပ်ခဲ့တဲ့ ဒေသဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံရေးရပ်တည်ချက်တွေအပေါ် လူထုက အယုံအကြည်ရှိလာတာကြောင့် မဲပုံအောပေးခဲ့တယ်လို့ သုံးသပ်ယူဆမှုတွေလည်း ရှိနေပါတယ်။ 

“နိုင်ငံရေးအရ NLD က လူကြိုက်များအောင် လုပ်မနေဘူး။ သူလုပ်သင့်တာ လုပ်တယ်။ ဖွံဖြိုးတိုးတက်ရေး မှာလည်း လျှပ်စစ်၊လမ်းပန်း အကုန်ကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါတွေက NLD ကို အမှတ်ရသွားစေတာပဲ” လို့ ဒေါက်တာမျိုးရန်နောင်သိန်းက ဆိုပါတယ်။

ဒီနှစ်မှာ NLD ပြန်နိုင်ခဲ့တဲ့နေရာတွေက မိတ္ထီလာတစ်မြို့တည်းတော့မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအမာခံ မင်းကင်းမြို့နယ်မှာလည်း NLD က နေရာအားလုံးမှာ မဲရလဒ် တစ်သောင်းကျော်စီနဲ့ နိုင်သွားတာက(၂၀၂၀) ရဲ့ မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုပါ။ (၂၀၂၀)မှာ NLD က မိတ္ထီလာတို့ မင်းကင်းတို့လို ပြိုင်ဘက်အားကောင်းတဲ့ နယ်မြေတွေမှာပါ အောင်ပွဲရခဲ့သလို သောင်ပြိုကမ်းပြို လို့ တင်စားကြတဲ့ (၂၀၁၅) ရွေးကောက်ပွဲတုန်းကထက်တောင် ပိုတိုးပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ (၂၀၂၀)မှာ NLD က ဝက်ဝက်ကွဲအောင်မြင်တယ်လို့ ဆိုရပေမယ့် မထင်မှတ်ထားခဲ့တဲ့နယ်မြေတွေမှာတော့ ရှုံးကြွေးတင်ခဲ့ပါတယ်။ NLD ကို အပြည့်အ၀ အားပေးထောက်ခဲ့တဲ့ ပြည်နယ်အချို့မှာ လွှတ်တော်ထိုင်ခုံနေရာအနည်းစုကို ဒေသခံတိုင်းရင်းသားပါတီတွေကို လက်လွှဲပေးခဲ့ရပါတယ်။ 

အထူးသဖြင့် ကယား၊ မွန်နဲ့ ရခိုင် စတဲ့ ပြည်နယ်အချို့မှာ လွှတ်တော်ထိုင်ခုံအနည်းစုကို ပြည်နယ်ပါတီတွေကပဲဝင်ရောက်နေရာယူဖို့ရှိနေပါတယ်။ 

ဒေသခံတိုင်းရင်းသားပါတီတွေ နေရာယူသွားခဲ့တဲ့ နယ်မြေတွေထဲမှာ ပြောစမှတ်တွင်ခဲ့တဲ့ နေရာတစ်ခုကတော့ ကယားပြည်နယ်က ရှားတောပါ....

တစ်ချိန်က NLD ကို ပုံအောခဲ့တဲ့ ရှားတော

မြန်မာပြည်အရှေ့ပိုင်းက မြို့ငယ်တစ်ခုလို့ ဆိုရမယ့် ကယားပြည်နယ်၊ရှားတောမြို့ဟာ လူဦးရေ ခုနှစ်ထောင်ကျော်သာရှိပြီး မြို့လို့သာ ကင်ပွန်းတပ်ထားပေမယ့် လမ်းပန်းဆက်သွယ်ရေးကြမ်းတမ်းလှသလို တစ်ချိန်က နယ်မြေမအေးချမ်းမှုတွေကြောင့် ကျီးလန့်စာစားပြီး နေထိုင်ခဲ့ကြရတာပါ။

မငြိမ်းချမ်းတဲ့ အတိတ်ဆိုးတွေကြားထဲ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ ဒီမိုကရေစီအရွေ့ကို ဦးတည်တဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာ အပြောင်းအလဲတစ်ရပ် လိုလားတောင့်တစိတ်နဲ့ NLD ကိုမဲပုံအောပေးခဲ့ကြပါတယ်။ သူတို့ရဲ့ အသံ၊အခွင့်အရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ပါတီဆိုပြီး တိုင်းရင်းသားတွေရဲ့ ယုံကြည်ချက်ကြောင့် NLD ဟာ အဲဒီကာလတုန်းက အပြတ်အသတ်ထောက်ခံမှုရခဲ့တာပါ။

”၂၀၁၅ တုန်းက တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျွန်မတို့တိုင်းရင်းသားလူထုတွေအားလုံး NLD ကို အပြတ်အသတ်မဲပေးခဲ့ကြတယ်။ အဓိကကတော့ ပြောင်းလဲမှုတစ်ခုကို လိုချင်ခဲ့လို့ပေါ့” လို့ ရှားတောမြို့နယ်က လက်ရှိအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မော်မိုးမြာက ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲအပြီး NLD အစိုးရဖြစ်လာချိန် ဒေသခံလူထုရဲ့သဘောထားတွေကို အလေးမထားသလို ဒေသကို ပြန်မလှည့်ကြည့်ခဲ့ဘူးလို့ ကယားပြည်နယ် ဒေသခံတိုင်းရင်းသားတွေရဲ့ ရင်ဖွင့်ပြောဆိုသံတွေ ကျယ်လောင်ခဲ့ပါတယ်။ 

ဓာတ်ပုံ- KySDP (ရွေးကောက်ပွဲမတိုင်ခင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆွယ်စည်းရုံးလှည့်လည်စဉ်)

ပါတီကြီးနှစ်ခု အငိုက်မိခဲ့ရတဲ့ ရှားတောရဲ့နိုဝင်ဘာ(၈)ရက်

ရှားတောဟာ မြို့ငယ်ကလေးဖြစ်ပေမယ့် ရွေးကောက်ပွဲကာလရောက်ရင်တော့ နိုင်ငံရေးပါတီတွေ မျက်စိကျစရာနေရာတစ်ခုပါ။ နိုဝင်ဘာ (၈) ရက်နေ့တုန်းက NLD နဲ့ ပြည်ခိုင်ဖြိုးတို့လို အင်အားကြီးပါတီတွေ အပြိုင်အဆိုင်ရှိပေမယ့်လည်း ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မထင်မှတ်ဘဲ ပါတီကြီးနှစ်ခုကို အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုအဆင့်လွှတ်တော်နေရာဖြစ်တဲ့ ပြည်သူ့လွှတ်တော်နေရာမှာ လက်ရှိအာဏာရပါတီ NLD အမတ် ဒေါ်ဝင့်ဝါထွန်းကို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအမတ် မော်မိုးမြာက မဲရလဒ် နှစ်ဆကျော်နဲ့ အနိုင်ယူသွားတာပါ။

 “တစ်ခြားပါတီတွေက ငွေကြေးအင်အားတွေ၊ ပါတီပုံရိပ်တွေ အသုံးပြုပြီး အပြိုင်အဆိုင်လုပ်တဲ့ ခေတ်မှာ ကျွန်မတို့က ဒေသခံ လူငယ်တွေရဲ့အားနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုရအောင် အကြိတ်အနယ်ပြင်ဆင်ပြီး ပြိုင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် မဲရေလိုက်တဲ့အချိန် ကျွန်မတို့ ပါတီက အပြတ်အသတ်အနိုင်ရတယ်လို့ ကြားတော့ အရမ်းဝမ်းသာမိတယ်” လို့ အနိုင်ရအမတ် မော်မိုးမြာက ပြောပါတယ်။

အသက် (၂၈) နှစ်အရွယ်လူငယ်အမျိုးသမီးအမတ် မော်မိုးမြာဟာ ဒေသငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေးတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတစ်ယောက်ပါ။ ဒီလိုလှုပ်ရှားနေတဲ့ကြားထဲကပဲ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းက သွားရင် တိုင်းရင်းသားတွေအသံ ကျယ်ကျယ်လောင်လောင် ကြားနိုင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုယ်တိုင်လည်း ကယားလူမျိုးဖြစ်တဲ့ မော်မိုးမြာဟာ အခုတော့ လွှတ်တော်နိုင်ငံရေးနည်းလမ်းနဲ့ တိုင်းရင်းသားတွေရဲ့ အသံတွေကို ဖော်ပြဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 

ဓာတ်ပုံ- မော်မိုးမြာ (ရှားတောမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းစဉ်)

သူငယ်ချင်းနှစ်ယောက်ရဲ့နိုင်ငံရေးခရီးလမ်း

မော်မိုးမြာဟာ (၂၀၁၅) ရွေးကောက်ပွဲတုန်းက NLD ကို အပြည့်အ၀ ထောက်ခံခဲ့ပြီး ပါတီအောင်နိုင်ရေးအတွက် ဝန်းရံအားပေးခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် ခရီးစဉ်မှာတောင် လုံခြုံရေးတာဝန်ယူခဲ့ဖူးသူပါ။

မော်မိုးမြာနဲ NLD တို့ ပတ်သက်မှုက ဒီလောက်တင်မကပါဘူး။ အခု ရွေးကောက်ပွဲမှာ ပြိုင်ဘက်လို့ဆိုရမယ့် NLD ပါတီက လက်ရှိ ရှားတောပြည်သူ့လွှတ်တော်အမတ် ဒေါ်ဝင့်ဝါထွန်းနဲ့ အတူ ရုံးတစ်ခုမှာ အလုပ်တူတူလုပ်ခဲ့ကြဖူးပြီး နှစ်ယောက်သား ခင်မင်ရင်းစွဲရှိကြသူတွေပါ။ 

သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မော်မိုးမြာနဲ့ ဒေါ်ဝင့်ဝါထွန်းတို့ဟာ နိုင်ငံရေးလောကမှာ အပြိုင်အဆိုင်ဖြစ်ခဲ့ပေမယ့် အရှုံးအနိုင်အပေါ် တစ်ယောက်ကို တစ်ယောက် ဝေဖန်တိုက်ခိုက်တာမျိုးမရှိခဲ့ပါဘူး။

 “ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူထုရဲ့ အဆုံးအဖြတ်တစ်ခုကို ရဲရဲကြီးခံယူရဲတယ်။” လို့ NLD အမတ် ဒေါ်ဝင့်ဝါထွန်းက ရွေးကောက်ပွဲရလဒ်အပေါ် သဘောထားကို ဖွင့်ဟခဲ့ပါတယ်။

လွှတ်တော်နေရာတစ်ခုကို လက်လွှတ်ပေးရတော့မယ့် ဒေါ်ဝင့်ဝါထွန်းက ရွေးကောက်ပွဲမှာအရှုံးကို ကြုံတွေ့ခဲ့ရပေမယ့် ဒီအရှုံးက သူ့ရဲ့ နိုင်ငံရေးဘဝကို အဆုံးသတ်လိုက်တဲ့ ခြေလှမ်းတစ်ခု အဖြစ် အရောက်မခံဘူးလို့ခံယူထားပါတယ်။  

“ ကိုယ်စားလှယ်ဖြစ်ချင်း၊ မဖြစ်ချင်းနဲ့ မဆိုင်ဘဲ မိခင်ပါတီတာဝန်ထမ်းဆောင်နေရင်း နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးဆက်ပြီး ထမ်းရွက်သွားဖို့ အမြဲတမ်းအဆင့်သင့်ရှိနေပါတယ်။” လို့ ဒေါ်ဝင့်ဝါထွန်းက ရှေ့ဆက်မယ့်ခြေလှမ်းတွေအတွက်အားယူထားပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့အားပြိုင်မှုမှာ ပြည်သူ့ဆန္ဒအရအနိုင်/အရှုံးရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နှစ်ယောက်စလုံးရဲ့နိုင်ငံရေးခံယူချက်နဲ့ နိုင်ငံအပေါ်ချစ်မြတ်နိုးမှုကတော့ အနိုင်/အရှုံးမရှိဆတူပါပဲ။ ဒီအခြေအနေမှာ အမြတ်ထွက်ခဲ့ရတာကတော့ ရှားတောဒေသနဲ့ သူတို့လိုချင်တဲ့ ကိုယ်စားလှယ်ကို ရွေးကောက်နိုင်ခဲ့တဲ့ ဒေသခံတွေပါ။ 

ရှားတောဟာ ပါတီကြီးတွေအတွက် သင်ခန်းစာလဲ ဖြစ်သလို တိုင်းရင်းသားပါတီငယ်တွေအတွက်လဲ အတုယူစရာ ဒေသဖြစ်လာပါတယ်။ ကိုယ်စားလှယ်မဖြစ်ခဲ့ပေမယ့် လွှတ်တော်အပြင်ကနေ အားကောင်းတဲ့ အတိုက်အခံပါ ရှိနေလို့ ရှားတောဒေသရဲ့ အနာဂတ်က စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က