နောက်ထပ်တိုင်ကြားရမယ့်အမှုတွေ ရှိလာဦးမယ်လို့လည်းဆိုပါတယ်။

ရွေးကောက်ပွဲကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဲ့ပြုကျင့်မှုတွေဟာ ရဲအရေးပိုင်တဲ့အမှုပေါင်း ၁၁၀ ကျော်နဲ့ ရွေးကောက်ပွဲကေ်မရှင်နဲ့ သက်ဆိုင်တဲ့ ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော် အမှုတွဲတွေကို ပြုစုထားပြီးဖြစ်ကြောင်းနဲ့ ဒါတွေကို သတ်မှတ်ကာလအတွင်းမှာ တင်ပြတိုင်ကြားသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။ 

“ ကျွန်တော်တို့တွေသည် ဥပဒေကို လေးစားလိုက်နာကသူများပီပီ၊ ဒီမိုကရေစီဟာ စည်းကမ်းဥပဒေနဲ့ တွဲရတယ်လို့ နားလည်ထားကြသူများပီပီ၊ ကျွန်တော်တို့ ဒီကနေ့ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်းလုပ်ငန်းစဉ်အတိုင်းပဲ ကျွန်တော်တို့ ဆက်ပြီးတော့ သွားနေပါတယ်။ ပါတီရဲ့ဆောင်ရွက်မှုတွေအနေနဲ့ဆိုရင် ရဲအရေးပိုင်တဲ့ကိစ္စပေါင်း အမှုပေါင်း ၁၁၀ ကျော်၊ ကော်မရှင်နဲ့ ပတ်သက်တဲ့ ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော် ဒါီဒီနေ့ စာရင်းတွေ အမှုတွဲတွေ ပြုစုပြီးပါပြီီ။ နောက်ထပ်လည်း ကျွန်တော်တို့ သတ်မှတ်ကာလအတောအတွင်းမှာ နောက်ထပ်နောက်ထပ် ထပ်ပြီးတော့ လာပါလိမ့်ဦးမယ်" လို့ ဦးသန်းဌေးက နိုဝင်ဘာလ ၁၉ ရက်ညနေက ပါတီရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် ပြောခဲ့တာပါ။



မဲဆွယ်စည်းရုံးရေးကာလမှာ နေပြည်တော်တွင် စည်းရုံးရေးဆင်းနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး

ရွေးကောက်ပွဲကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာဆိုရင် ၁၅ ရက်အတွင်း၊ ကော်မရှင်မှာဆိုရင် ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းရမှာဖြစ်လို့ ဒီကာလအတွင်းမှာပဲ အချိန်မီတိုင်ကြားသွားမယ်လို့လည်း ဆိုပါတယ်။

ချွတ်ယွင်းချက်၊ အားနည်း ချက်များရှိသည့် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မှတ်တမ်းမှတ်ရာ ဆောင်ရွက်ချက်များလည်း မကြာမီ ထွက်ပေါ်လာလိမ့်မယ်လို့လည်း ဦးသန်းဌေးက ပြောပါတယ်။

Union Solidarity and Development Party ဆိုတဲ့ USDP ရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေလည်း သက်ဆိုင်ရာ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင်တွေကို တိုင်ကြား/ ကန့်ကွက်လွှာတင်သွင်းထားမှုတွေကို ရေးသားဖော်ပြနေတာကို တွေ့ရှိရပါတယ်။

ရဲစခန်းကို တိုင်ကြားထားတဲ့အမှုတွေမှာ ကိုယ်စားမဲထည့်မှုများ၊ မိမိအမည်မဟုတ်ဘဲ မဲလိမ်ထည့်မှုများ၊ မဲပုံးလုံခြုံရေးကြိုးပြတ်တောက်မှုများ၊ မဲစလစ်အတုပြုလုပ်မှုများ စတဲ့အမှုများပါဝင်ပြီး ‌ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းမှုများထဲမှာ မဲစာရင်းပိုခြင်း၊ မဲဆန္ဒနယ်တွင် နေထိုင်ခွင့်မရှိသူများအား မဲပေးခြင်း၊ အသက်မပြည့်သေးသူများအား မဲပေးခြင်း စတဲ့ ကော််မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်းများစွာ ပါဝင်တာကို တွေ့ရှိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးဆိုပြီး USDP က ရန်ကုန်၊ မန္တလေးတို့မှာလည်း သတင်းစာရှင်းလင်းပွဲများပြုလုပ်ကာ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ ရွေးချယ်တဲ့ မဲဆန္ဒနယ် ၁၁၁၇ နယ်အတွက် ရွေးချယ်လိုက်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်များစာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီးသွားပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉၂၀ နေရာနဲ့ အများဆုံးရရှိထားကာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၇၁ နေရာနဲ့ ဒုတိယအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Share

က္က