၂၀၂၀ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်မှာ NLDပါတီ ၊ USDPပါတီ ၊ SNLD ပါတီ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၊ တအာင်း(ပလောင်) အမျိုးသားပါတီ ၊ "ဝ"အမျိုးသားပါတီ ၊လားဟူအမျိုးသားဖွံ့ဖြိုးတိုတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုတက်ရေးပါတီ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့ကြပြီး ရှမ်းပြည်နယ်ရဲ့ လွှတ်တော်အသီးသီးမှာ အရောင်အသွေးစုံစုံလင်လင်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီထဲကမှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံး တတိယအများဆုံး အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီဖြစ်ပြီး အားကောင်းတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

လာမယ့်အစိုးရသစ်သက်တမ်းမှာ ဖွဲ့စည်းမယ့် ရှမ်းပြည်နယ်ရဲ့ လွှတ်တော်အသီးသီးမှာဆိုရင် ယခင်အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပြန်လည်နေရာယူမှာဖြစ်သလို မျက်နှာသစ် ကိုယ်စားလှယ်(အမတ်) တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကဆိုရင် အနိုင်ရကိုယ်စားလှယ် (၄၂)ဦး ပါဝင်လာမှာဖြစ်ပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးပါဝင်ပါတယ်။ ရှမ်းပြည်နယ်အတွက် လွှတ်တော်ထဲရောက်လာမယ့် ရှမ်းအမျိုးသမီးတချို့ကို လေ့လာကြည့်ရမယ်ဆိုရင်...

ဓာတ်ပုံ-နန်းစမ်းစမ်းအေး facebook



နန်းစမ်းစမ်းအေး

အသက် ၃၃ နှစ်အရွယ် နန်းစမ်းစမ်းအေးက သီပေါမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)ရဲ့ ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ကတည်းက ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲမှာတော့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အနိုင်ရရှိထားတဲ့ SNLDပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ မိဘမျိုးရိုးထဲမှာတော့ နိုင်ငံရေးစိတ်ဝင်စား လှုပ်ရှားသူ မရှိပေမယ့်လည်း ကိုယ်တိုင်က နိုင်ငံရေးကို စိတ်ပါဝင်စားပြီး ပညာတတ်လူငယ်တွေလိုအပ်နေတဲ့ နိုင်ငံရေးအတွက် ယုံကြည်မှုနဲ့အလုပ်လုပ်ဆောင် လိုတဲ့အချိန်မှာ ပါတီကလည်း ကိုယ်စားလှယ်လောင်းလိုအပ်နေတဲ့အတွက် ၂၀၁၅ခုနှစ်မှာ အင်ဂျင်နီယာမဟာဘွဲ့ B.E(Electrical Power) M.E(Energy Technology) ရရှိပြီးတာဖြစ်လို့ စတင်ပြီး ရွေးကောက်ပွဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။၂၀၁၅ခုနှစ်မှာ ရှမ်းပြည်နယ်လွှတ်တော်ထဲရောက်ရှိပြီး ၂၀၂၀မှာတော့ ဥပဒေပြုရေးအပိုင်းကို ပိုမိုလုပ်ဆောင်လိုတာကြောင့် ပြည်ထောင်စုလွှတ်တော်ရောက်ရှိနိုင်ဖို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။


ပြည်ထောင်စုလွှတ်တော်ထဲရောက်ရင် နန်းစမ်းစမ်းအေး ဘာလုပ်ပေးမှာလဲ

၂၀၁၅တုန်းက ပါတီမူဝါဒအတိုင်းပဲ လုပ်ဆောင်မယ်ဆိုပြီး ဖွံ့ဖြိုးရေးကတိကဝတ်မပေးခဲ့ပါဘူး။ ၂၀၂၀မှာလည်း မဲဆွယ်စည်းရုံးရေးမှာ ဘာလုပ်ပေးမယ်ဆိုတာတွေပြောပြီး ကတိမပေးပါဘူး။ ဘာလုပ်ပေးမယ်ဆိုတာ ရည်ရွယ်ချက်ရှိပြီးသားပါ။ ပြည်ထောင်စုလွှတ်တော်ရောက်ရင် ရှမ်းပြည်နယ်က စိုက်ပျိုးရေးကဏ္ဍ ၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတွေ ဦးစားပေးလုပ်မယ်။ စိုက်ပျိုးရေးကထွက်လာတဲ့ ထုတ်ကုန်တွေရဲ့ ဈေးကွက် ခိုင်မာတဲ့ဈေးကွက်ရဖို့ လုပ်ဆောင်ဖို့ စိတ်ဝင်စားတယ်။ ပြီးတော့ အခု ၂၀၁၅-၂၀၂၀မှာ အတွေ့အကြုံရှိခဲ့တဲ့ မြေယာမှတ်ပုံတင်တဲ့ကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းတွေကို ပြန်သုံးသပ်ဖို့ ၊ မြေယာအမှုတစ်ခု စိစစ်ရင် လေးငါးနှစ်ကြာတဲ့ကိစ္စတွေ မဖြစ်သင့်ဘူး။ မှတ်ပုံမတင်ရသေးတဲ့ မြေယာတွေ များတယ် ။လုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်ချိန်တွေ တအားကြာတယ်။ ဒါတွေပြန်သုံးသပ်ရမယ် ။ နောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်တွေ ရဖို့ တအားကြာတယ်။ အဲဒါတွေ ပြန်သုံးသပ်ဖို့၊ နောက်ပြီး ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ စီမံကိန်းအကြီးစားတွေကို ပြည်သူလူထုအတွက်အကျိုးရှိလာအောင် ဘယ်လိုပြောင်းလဲ လုပ်ဆောင်မလဲဆိုတာတွေ ဆွေးနွေးဖို့ရှိမယ်။ ဒေသဖွံ့ဖြိုးရေးက ရှမ်းပြည်နယ်က မြန်မာနိုင်ငံထဲမှာဆို ဧရိယာအကျယ်ဆုံး လူဦးရေအများဆုံး ။ မီးမရသေးတဲ့နေရာတွေ တအားများတယ်။ မဟာဓာတ်အားလိုင်းမရောက်သေးတဲ့နေရာတွေ အများကြီး ။ ဒါတွေ တန်းတူညီမျှရေးဖြစ်ဖို့ ဆောင်ရွက်ရမယ်။ ပြည်နယ်က အကြီးကြီး လမ်းမိုင်တွေက အရှည်ဆုံးပဲ ၊ လူဦးရေလည်း အများဆုံး ဒါကို တခြားပြည်နယ်တွေနဲ့နှိုင်းယှဉ်ရင် ရတဲ့ဘက်ဂျက်အချိုးအစားက အတူတူလောက်ပဲဖြစ်နေတယ်။ ။ ဒါတွေကို ဆွေးနွေးဆောင်ရွက်ဖို့ မျှော်မှန်းထား ပါတယ်။


နန်းစမ်းစမ်းအေးရဲ့ ထူးခြားချက်

ကျေးရွာတစ်ရွာမှာ ကြီးပြင်းလာတဲ့ ခေတ်ပညာတတ် ရှမ်းအမျိုးသမီးလေးဟာ အသက် ၂၈နှစ်မှာ ပြည်နယ်လွှတ်တော်အမတ်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြဿနာတွေ ပဋိပက္ခတွေကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့တာကြောင့် ပြည်နယ်က အသိအမှတ်ပြုရတဲ့သူပါ။ ၂၀၁၅မှာ ငယ်ရွယ်တဲ့ အမျိုးသမီးလွှတ်တော်အမတ်အနေနဲ့ မလေးမစားဆက်ဆံ ၊ ခွဲခြားဆက်ဆံခံရတာတွေ ရှိခဲ့ပေမယ့် ငါးနှစ်အတွင်းမှာ တကယ်အလုပ်လုပ်ဆောင်ခဲ့ပြီး ဌာနတွေကိုလည်း ချက်ကျလက်ကျ ထောက်ပြပြောဆိုခြင်း ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်း တွေကြောင့် ဌာနတွေ ၊ ရပ်မိရပ်ဖတွေ ၊ အစိုးရအဖွဲ့ဝင် အသိအမှတ်ပြုလာတဲ့သူပါ ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကာလမှာတော့ အခက်အခဲတွေ ခွဲခြားမှုတွေ မရှိတော့ပါဘူး။ လာမယ့်ပြည်သူ့လွှတ်တော်မှာတော့ ဘာသာစကားအခက်အခဲ နည်းနည်းရှိမယ်လို့ သူ မျှော်လင့်ထားပါတယ်။ ပြိုင်ဖက်နိုင်ငံရေးပါတီတွေ ၊ ကိုယ်စားလှယ်တွေနဲ့လည်း အရင်က လေးလေးစားစား အေးအေးဆေးဆေးဆက်ဆံခဲ့သူမို့ မဲဆွယ်စည်းရုံးရေးကာလမှာလည်း ကော်မရှင်ရဲ့ ဥပဒေဘောင်အတွင်းကနေပဲ အားလုံးလှုပ်ရှားကြတယ်လို့ သိရပါတယ်။ မဲရလဒ်မှာတော့ ပြိုင်ဖက်နိုင်ငံရေးပါတီသုံးခုကို မဲလေးသောင်းကျော်အကွာနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။


ဓာတ်ပုံ-SNLD Facebook

နန်းဥမ္မာ(ခ)နန်းမွန်းမွန်းပေါင်း

အသက်(၄၁) နှစ်အရွယ် နန်းဥမ္မာ(ခ)နန်းမွန်းမွန်းပေါင်းက သီပေါမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)ကနေ အနိုင်ရရှိထားတဲ့ SNLD ပါတီက ကိုယ်စားလှယ်တစ်ဦးပါ။ ပထဝီအထူးပြုဘွဲ့ နဲ့ ကွန်ပျူတာဒီပလိုမာဘွဲ့ ရရှိထားသလို နိုင်ငံရေးကို စိတ်ပါဝင်စားတဲ့အတွက် မြန်မာနိုင်ငံရေးသင်တန်း ကျောင်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြောင်း မရှိပေမယ့်လည်း သီပေါမြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေများစွာလုပ်ကိုင်သူ တစ်ဦးဖြစ်ပါတယ်။ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ရဲ့ အတွင်းရေးမှူး(၃)လည်းဖြစ်ပါတယ်။ ပြည်သူလူထုကို ထိထိရောက်ရောက်ကူညီဆောင်ရွက်နိုင်ဖို့ လွှတ်တော်ထဲရောက်ရှိဖို့လိုအပ်တဲ့ အပိုင်းကဏ္ဍတွေကြောင့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။


လွှတ်တော်ထဲရောက်ရင် နန်းဥမ္မာ(ခ)နန်းမွန်းမွန်းပေါင်း ဘာတွေလုပ်မလဲ

မဲဆွယ်ကတိတွေ အရမ်းမပေးခဲ့ဘူး။ တတ်နိုင်တဲ့အပိုင်းကနေ ပြည်သူတွေလိုအပ်ချက်နဲ့ ကိုက်ညီတာကို ဆောင်ရွက်မယ်။ ရှမ်းပြည်နေ တိုင်းရင်းသားအားလုံးအတွက် ဆောင်ရွက်မှာပါ ။ ဒေသအနေနဲ့တော့ ပညာရေးအပိုင်းလိုအပ်ချက်ရှိတယ်။ ပိုမြင့်ဖို့လိုအပ်တယ်လို့ မြင်မိတယ်။ လွှတ်တော်ထဲ မရောက်ဖူးဘူး ။ အတွေ့အကြုံမရှိဘူးဆိုတော့ လွှတ်တော်ထဲကနေ ပညာရေးကဏ္ဍကို ဘယ်လိုလုပ်ဆောင်ရလဲတော့ မသိသေးဘူး။ ဒေသခံတွေရဲ့ ပညာရေးပိုင်းနိမ့်ကျတယ်။ အသိပညာဖွံဖြိုးဖို့ လိုအပ်တာတွေရှိသေးတယ် ။သူတို့အတွက် ထိုက်သင့်တဲ့ ပညာတွေ မြှင့်တင်ဖို့လိုတာတော့ သိတယ်။ ဒါတွေကို ဆောင်ရွက်ဖို့ ကြိုးစားမယ်။ အစိုးရနဲ့ပြည်သူအတွက် ပေါင်းကူးလုပ်ပေးမယ်။ တတ်နိုင်တဲ့အပိုင်းကနေ ဥပဒေတွေ ပြုချင်တယ်။ ပြည်သူတွေမျှော်လင့်တဲ့ အမြဲတမ်းငြိမ်းချမ်းရေး ကိစ္စတွေလည်းဆောင်ရွက်ချင်တယ်။ ၊ ရှမ်းပြည်နယ်က အများကြီးလိုအပ်နေတာတွေ ရှိပါသေးတယ် ။ စွမ်းဆောင်နိုင်သလောက် ပြည်သူ့အကျိုးကို စေတနာအပြည့်နဲ့ ဆောင်ရွက်ချင်တယ်။


နန်းဥမ္မာ(ခ)နန်းမွန်းမွန်းပေါင်းရဲ့ ထူးခြားချက်

၂၀၁၀မှာတော့ SNDP ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ ၂၀၁၅မှာ SNLDပါတီရဲ့ မူဝါဒ တွေ ၊ ဦးဆောင်မှုတွေနဲ့ ပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းကို ယုံကြည်တာကြောင့် ပါတီမှာ စည်းရုံးရေးမှူးအဖြစ်ပါဝင်ခဲ့သူပါ။ ငယ်စဉ်ကတည်းက မွေးစားမိဘနဲ့ ကြီးပြင်းခဲ့ရပေမယ့် ဖခင်က တိုင်းရင်းသားဒေသမှာ နိုင်ငံရေးလှုပ်ရှားသူပါ။ဖခင်က ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာတော့ အတွေ့အကြုံမရှိသေးတဲ့ အမတ်လောင်းတစ်ဦးအနေနဲ့ အခက်အခဲအချို့ရှိခဲ့ ပေမယ့်လည်း လူမှုရေးကောင်းမွန်သူတစ်ဦးဖြစ်တာကြောင့် ပြည်သူလူထုနဲ့ ချိတ်ဆက်မှုကောင်းရှိသူပါ ။ မဲဆွယ်စည်းရုံးရေးထွက်တဲ့ ကျေးရွာတွေက ပြည်သူလူထုတွေနဲ့လည်း သဟဇာတဖြစ်မှုရှိတာကြောင့် မဲဆွယ်စည်းရုံးရေးစရိတ်မကုန်အောင် ပြည်သူတွေကပဲ ထမင်းကျွေးမွေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် သီပေါမြို့နယ်မှာ အတူယှဉ်ပြိုင်တဲ့ ပြိုင်ဖက်နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့ဆိုရင်လည်း USDPပါတီကိုယ်စားလှယ်က သူငယ်ချင်း ၊ SNDP ကိုယ်စားလှယ် ၊ NLD ကိုယ်စားလှယ်နဲ့ မောင်နှမလို ခင်မင်တဲ့ ဆက်ဆံရေးရှိတာကြောင့် တိုက်ခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲမဲရလဒ်အရတော့ ပြိုင်ဖက်ပါတီကိုယ်စားလှယ်တွေကို မဲအရေအတွက် (၁၉,၀၀၀) ကျော်အကွာ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ-နန်းအိမွန်အောင် Facebook

နန်းအိမွန်အောင်

နန်းအိမွန်အောင်က ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)အတွက် SNLDပါတီကိုယ်စားပြု အနိုင်ရရှိခဲ့တဲ့ အသက် (၃၀)အရွယ် ရှမ်းတိုင်းရင်းသူတစ်ဦးပါ ။ ၂၀၁၃ခုနှစ်မှာ SNLDပါတီရဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကို သုံးလကြာတက်ရောက် လေ့လာခဲ့ပြီး အဲဒီကနေ နိုင်ငံရေးအကြောင်းတွေ ၊ ရှမ်းပြည်နယ်က လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေကို လေ့လာခဲ့သူပါ။ သင်တန်းပြီးဆုံးတဲ့နောက် ကျောက်မဲပြန်လာတဲ့အချိန် ပါတီပြန်ထူထောင်ဖို့ ကော်မတီဖွဲ့စည်းတဲ့အခါ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ၂၀၁၉ ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ်ပါဝင်ခဲ့သလို လူငယ်ရေးရာတာဝန်ခံအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင်အမျိုးသမီးလည်းဖြစ် လူငယ်လည်းဖြစ်တဲ့အတွက် ဒီလိုလူငယ်တွေက နိုင်ငံရေးမလုပ်ရင် နိုင်ငံက ဆက်လက်ပြီး နိမ့်ကျနေမယ် ၊ ဒါကြောင့် အခွင့်အရေးတွေ မဆုံးရှုံးရအောင်ဆိုတဲ့စိတ်က တွန်းအားပေးတာကြောင့် ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ ဘိုးဘွားတွေက ရပ်ကျေးဥက္ကဌတွေ ကျေးရွာလူကြီးတွေဖြစ်ခဲ့ပေမယ့် မိဘကတော့ နိုင်ငံရေးလုပ်ဆောင်ခြင်းမရှိပါဘူး။


လွှတ်တော်ထဲရောက်ရင် နန်းအိမွန်အောင် ဘာတွေလုပ်မလဲ

မဲဆွယ်စည်းရုံးရေး နှစ်လတာမှာ ပြည်သူတွေကို ကတိမပေးခဲ့ဘူး ။ ကိုယ်စားလှယ်တွေက လုပ်လို့ရတာရှိတယ် လုပ်ပေးလို့ မရတာရှိတယ် ။ ရတဲ့အရာတွေကို လူထုကိုပြောပြတယ် ။ ကျေးလက်ဖွံ့ဖြိုးရေးမှာဆို လမ်းပန်းဆက်သွယ်ရေး ၊ ပညာရေး ၊ ကျန်းမာရေးနဲ့ သက်ဆိုင်တာတွေရှိမယ် ။ လွှတ်တော်ထဲမှာ ဥပဒေပြုတာတွေ ပြုပြင်ရေးဆွဲတာတွေရှိတယ်။ မဖြစ်ဖြစ်အောင်လုပ်ပေးမယ်ဆိုတာမျိုး ဘာမှကတိမပေးဘူး။ သူတို့လိုအပ်တဲ့အရာနဲ့ ကိုယ်လုပ်နိုင်တဲ့အရာ ညှိနှိုင်းပြီးလုပ်မယ် ။ မဲဆန္ဒနယ်ထဲက နေရာတချို့ဆို စစ်ဖြစ်ခဲ့တာ မကြာသေးဘူး ။ မဲဆွယ်တာတွေတောင် ရပ်တန့်ခဲ့ရတယ် ။ ငြိမ်းချမ်းရေးကို လူငယ်အနေနဲ့ ဖော်ဆောင်ချင်တယ် ။ စစ်တွေလုံးဝမရပ်နိုင်လည်း သူတို့ ငြိမ်းချမ်းမှုရှိအောင် လုပ်ပေချင်တယ် ။ မဲဆန္ဒနယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေ စာသင်ကျောင်းမရှိဘူး။ ပညာရေးက အဓိကပဲ ။ ပညာမတတ်ရင် နိုင်ငံရေးမသိဘူး ။ အမျိုးသမီးနဲ့ လူငယ်အခွင့်အရေး တွေလည်း ဆောင်ရွက်ချင်တယ်။


နန်းအိမွန်အောင်ရဲ့ ထူးခြားချက်

မိဘက သီးနှံပွဲရုံလုပ်ငန်း လုပ်ကိုင်တာကြောင့် စီးပွားရေးအဆင်ပြေတဲ့အတွက် နန်းအိမွန်အောင်က နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူငယ်လည်းဖြစ် အမျိုးသမီးလည်း ဖြစ်တာကြောင့် ဒေသခံလူကြီးတွေရဲ့ ယုံကြည်မှုရဖို့ ရှေးရိုးစွဲအမြင်တွေကို ရှင်းပြချေဖျက်ခဲ့ရပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမရှိခဲ့ပေမယ့်လည်း လူမှုကွန်ရက်ကနေ တိုက်ခိုက်ခံရမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၀ရွေးကောက်ပွဲမှာ နန်းအိမွန်အောင်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ထဲက ရွေးကောက်ပွဲမကျင်းပတဲ့ နယ်မြေအဖြစ် ကျေးရွာအုပ်စု လေးခုပါဝင်ခဲ့တာကြောင့် SNLDပါတီကို အမာခံထောက်ခံတဲ့ မဲတွေ (၆,၀၀၀) လောက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ဒါကြောင့် ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပေမယ့် ရွေးကောက်ပွဲအပြီးမှာတော့ နန်းအိမွန်အောင်က အနိုင်ရရှိခဲ့ပါတယ်။












Share

က္က