အလုပ်တစ်ခုတိုးလာတော့ အကြွေးကျေအောင် အမြန်ဆပ်မယ်။

ညီနန္ဒကတော့ အခုဆိုရင် ထောပတ်ထမင်းသာမက Online Sale အနေနဲ့ တန်ဖိုးကြီး ရတနာပစ္စည်းတွေလည်း ရောင်းချခွင့်ရလာတဲ့အပေါ် သူ့ရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda



ကိုဗစ်ကာလမှာ Online Sale တစ်ခုအနေနဲ့ တန်ဖိုးကြီးရတနာပစ္စည်းတွေကို ရောင်းချပေးနေတဲ့ အနုပညာရှင်တွေ တော်တော်များများရှိပါတယ်။ ဒီအထဲမှာ သရုပ်ဆောင် ညီနန္ဒလည်း တစ်ဦးအပါအဝင်ဖြစ်လို့နေပါပြီ။ သူ့အနေနဲ့ ပထမဆုံးအကြိမ် ရောင်းချပေးခဲ့တဲ့ ရတနာပစ္စည်းတွေမှာ သိန်း (၃၀၀) ကျော်ဖိုး ရောင်းချနိုင်ခဲ့တာကို တွေ့ရပါတယ်။ သူ့အတွက် ပထမဆုံး Online Sale ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေခဲ့တာလို့ ညီနန္ဒက Duwun ကို ပြောပါတယ်။ 

“ အစ်ကို့ကို စစဦးဆုံး ဒီအလုပ်လေး အပ်လာတော့ စိတ်တော့ တော်တော်လှုပ်ရှားတယ်။ မရောင်းရရင် ဆိုတဲ့ သဘောပေါ့နော်။ ဒီအလုပ်လေးတစ်ခုပိုလာတဲ့အတွက် အကြွေးတွေ ကျေအောင် အစ်ကို မြန်မြန်ဆပ် နိုင်တော့မယ်။ ဒါပြီးသွားရင် အစ်ကို့ မိသားစုလေးကို အေးအေးဆေးဆေးနဲ့ ဖြတ်သန်းသွားမယ်။ သမီးလေးကိုလည်း အစ်ကိုတို့ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်မယ်၊ လှူမယ်တန်းမယ်၊ အဲဒီဘဝလေး အမြန်ရောက်ချင်ပြီ။ ဒါကြောင့် နောက်အလုပ်တစ်ခု ပေါ်လာတာကိုလည်း တော်တော် တန်ဖိုးထားတယ်။ ပိုက်ဆံကြီး ဘယ်လောက်ရနေမှ ဆိုတဲ့ သဘောမဟုတ်ပဲ နှစ်ဦး နှစ်ဖက် အဆင်ပြေတဲ့ ငွေအမောက် လောက်ပဲ သတ်မှတ်ထားတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Nyi Nanda

လက်ရှိ Online Sale မှာ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ Sale Live ကတော့ ပရိသတ် အားပေးမှုနှုန်း အများကြီး ရရှိထားတာကိုလည်း တွေ့ရပါတယ်။ ထက်ထက်မိုးဦးရဲ့ အောင်မြင်မှု အပေါ်မှာလည်း ညီနန္ဒက သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါသေးတယ်။ 

“ အစ်ကို့အမြင်ပြောရရင် မထက်ကတော့ လုံးဝ နှစ်ယောက် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ လိုက်တု လို့လည်း ရမှာ မဟုတ်ဘူး။ သူ့ရဲ့ အသံ၊ သူ့ရဲ့ ဟန်၊ သူ့ရဲ့ မျက်နှာဘေးကိုက စကားပြောလိုက်ကတည်းက တအားချစ်စရာကောင်းနေတာကိုး။ နဂို ကတည်းကလည်း သူ့ရဲ့ ကြော်ငြာတွေ ကြည့်လာခဲ့ရတယ်။ သရုပ်ဆောင် လောကမှာ ကိုသားကြီးနောက်လိုက်ခဲ့တဲ့ အချိန်တုန်းကလည်း မထက်ကို တွေ့နေခဲ့တယ်။ သူက အခု အသံက အစ အဲဒီအတိုင်းပဲဆိုတော့ ပရိသတ်တွေ သူ့ကိုချစ်တာ မလွန်ဘူး။ မထက်ရဲ့ အောင်မြင်မှုကတော့ သူ့ကိုလည်း ဘယ်သူမှ မှီတဲ့သူ မပေါ်လာနိုင်ဘူးလို့ အစ်ကိုမြင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda

သရုပ်ဆောင် ညီနန္ဒနဲ့ ဇနီးဖြစ်သူမနန်းထိုက်အောင်တို့ကတော့ အိမ်ထောင်သက်တမ်း (၁၁) နှစ်ကျော်လာခဲ့ပါပြီ။ လက်ရှိမှာတော့တစ်ဦးတည်းသော သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကကို ထူထောင်ထားကြတာဖြစ်ပါတယ်။ ညီနန္ဒဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ အနုပညာအလုပ်တွေ ခဏတာ ရပ်နားခဲ့ချိန်တုန်းက စီးပွားရေးတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို လောင်းကစားတွေလည်း လုပ်ခဲ့ဖူးတယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ လူကောင်းတစ်ယောက် အနေနဲ့ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က