နိုင်ငံရေးမှာ အကြမ်းဖက်နည်းသုံးစွဲတဲ့ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် အားလုံးကိုရှုံ့ချဟုဆို

ကျောက်မဲမြို့က NLD ပါတီဝင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိုက်ဇော်ကို လက်နက်အားကိုးနဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ရှုံ့ချကြောင်း အထူးကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ (၂၁) ရက် ညပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူကို အရေးယူအပြစ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေက အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် အလေးအနက်တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဦးထိုက်ဇော်ရဲ့ မိသားစုနဲ့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်နဲ့ ပါတီဝင်တစ်ရပ်လုံးက အထူးဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။



ဖြစ်စဉ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ နိုဝင်ဘာ (၂၁) ရက်နေ့ (မနေ့က) ညနေ (၆) နာရီအချိန်လောက်က ကျောက်မဲမြို့၊ ပင်တိန်ကျေးရွာရှိ သူ့ရဲ့ နေအိမ်အရှေ့မှာ ကွမ်းယာစားဖို့ ယာနေချိန်မှာ ဆိုင်ကယ်နဲ့လူတစ်ဦးရောက်လာပြီး ရင်ဘတ်ကို သေနတ်နဲ့ပစ်ခဲ့ကြောင်း၊ ကျောက်မဲဆေးရုံကို ခေါ်ဆောင်သွားစဉ်မှာပဲ အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

“ ကျွန်တော်တို့က ဒီမတိုင်ခင်ကလည်း ကျောက်မဲရွေးကောက်ပွဲကော်မရှင်ကိုသေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ ကြားထားတယ်။ ဒါဟာနိုင်ငံရေးမှာ အကြမ်းဖက်နည်းကို သုံးစွဲတယ်လို့ ကျွန်တော်တို့ကသုံးသပ်ပါတယ်။ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ၊ပါတီဝင်တွေ၊ ဝန်းရံသူ တွေအနေနဲ့ ခုလို အကူးအပြောင်းကာလမှာနိုင်ငံရေးအသိနဲ့ သွားလာနေထိုင်တာဂရုစိုက်ဖို့လည်း သတိပေးပါတယ်” လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ဦးထိုက်ဇော်ဟာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ နိုဝင်ဘာ(၈) ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမတ်လောင်းအဖြစ် အနိုင်ရရှိထားတဲ့ပူပူနွေနွေး လွှတ်တော်အမတ်တစ်ဦးဖြစ်ပါတယ်။

Share

က္က