လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက နေမကောင်းဖြစ်နေခဲ့တဲ့ သရုပ်ဆောင် ဦးမိုးဒီဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရပြီဖြစ်တယ်လို့ ဒီနေ့မှာ သိရပါတယ်။ ဆေးခန်းသွားပြီး အဖြေသိသိချင်းမှာဘဲ သားဖြစ်သူကောင်းစံက ဦးမိုးဒီကို ဧရာဝတီ ကုသရေးစင်တာသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“အဖေနေမကောင်းဖြစ်လို့ သွားစစ်လိုက်တာ ကိုဗစ် Positive တွေ့လို့ပါ။ လေးငါးရက်လောက်ဖျားတယ် ဘယ်လိုပဲ ဆေးတွေသောက်သောက် ဖျားတာက မသက်သာဘူးကိုယ်အပူချိန်က တက်လိုက်ကျလိုက် ဖြစ်နေတာနဲ့ ဆရာက စစ်ခိုင်းတာနဲ့သွားစစ်လိုက်တာ P တွေ့တယ်။ မနက်က ဧရာဝတီ စင်တာမှာ သွားပို့ခဲ့တယ်။ အဖေရော ကျွန်တော်ရော နှစ်ယောက်စစ်တာ ကျွန်တော်က Negative ထွက်လို့ ပြန်ရတယ်။အဖေ့ကိုတော့ ခေါ်ထားလိုက်တယ်”လို့ သရုပ်ဆောင် ကောင်းစံက Duwun ကိုပြောပါတယ်။
ဆီးချိုရောဂါနဲ့ နှလုံးရောဂါ အခံတွေ ရှိနေတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးမိုးဒီ အတွက် ပရိသတ်တွေကလည်း စိုးရိမ်လို့ နေကြသလို မိသားစုကလည်း စိုးရိမ်နေကြတာကြောင့် ဦးမိုးဒီ အမြန်ဆုံးပြန်လည်နေကောင်းဖို့ ဝိုင်းပြီး ဆုတောင်းပေးကြပါဦးလို့ ကောင်းစံက တောင်းဆိုထားပါသေးတယ်။
“
အဖေက ရောဂါအခံတွေက ရှိတယ်။ အခြေအနေတွေကတော့ မစိုးရိမ်ရပါဘူး နေရထိုင်ရတာလည်း သက်သာပါတယ်။ အောက်စီဂျင်လည်းကောင်းတယ်လို့ပြောတယ်။ စိတ်ကတော့ ပူရတယ်။အဖေက တစ်ယောက်တည်း သိပ်မနေတတ်ဘူး။ ဒါပေမယ့် သတ်မှတ်ချက်အရ အဖေ့နားမှာ ကျွန်တော်တို့ နေပေးလို့မရဘူးလေ ဒီကနေပဲ ဖုန်းဆက်ပြီးတော့ အားပေးစကားပြောနေရတာ ၊ ကျန်းမာဖို့ အားပေးစကားပြော။ ကျွန်တော်တို့လည်း စိတ်ပူနေကြတာဆိုတော့ အခြေအနေကောင်းတာဖို့ပဲ ဆုတောင်းနေကြရတာ၊ ပရိသတ်တွေလည်း အဖေအခြေအနေကောင်းလာဖို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျန်းကျန်းမာမာပြန်လာခဲ့ပါနော်လို့ ပြောတော့ အေးပါအေးပါ သားရယ်လို့တော့ သူက ပြန်ပြောတယ်”လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။
မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပြီးတီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။