အသုံးစရိတ်တွေကို ခြေရာမခံခင် ကြိုတင်ပြီးတော့ ငွေကြေးကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးမယ်ဆိုတဲ့ အစီအစဉ် ရေးဆွဲထားဖို့လိုပါတယ်။

စီးပွားရေးလုပ်ငန်းကြီး လုပ်နေမှ မဟုတ်ပါဘူး။ ကိုယ်က ဝန်ထမ်းပဲဖြစ်ဖြစ်၊ လက်လုပ်လက်စားပဲဖြစ်ဖြစ် ကိုယ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေတွေကို စီမံခန့်ခွဲပြီး အသုံးစရိတ်တွေကို မှတ်သားထားဖို့ လိုကို လိုအပ်ပါတယ်။ ကိုယ်ရှာလိုက်သမျှဝင်ငွေတွေဟာ တစ်ဖက်မှာ အလဟဿ မဖြစ်သွားဖို့ နဲ့ အသုံးစရိတ်တွေကို ခြေရာခံရင်း ဝင်ငွေ၊ ထွက်ငွေမျှတဖို့ ဘယ်လို စီမံရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

နေရာအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ ရရှိလာတဲ့ ငွေတွေကို ဝင်ငွေလို့ သတ်မှတ်ပြီး ကိုယ်ပြန်သုံးလိုက်သမျှ ငွေတွေကို ထွက်ငွေလို့သတ်မှတ်ပါတယ်။ ဝင်ငွေအတွက် ဥပမာပြောရရင် နေ့စား၊ လစား လုပ်အားခ၊ ကိုယ်ပိုင်မြေငှားခ၊ ကိုယ်ပိုင်စီးပွားရေးကဝင်တဲ့ငွေ၊ သားသမီးဆီကရတဲ့ ထောက်ပံ့ငွေ စတဲ့ ငွေတွေကို ဆိုလိုပါတယ်။ ထွက်ငွေကတော့ နေ့စဉ်အသုံးစရိတ်တွေ၊ လစဉ်ပေးဆောင်ရတဲ့ မီတာခွန်၊ရေခွန်၊ အိမ်ငှားခ၊ ကျောင်းလခစတဲ့ ငွေတွေဖြစ်ပါတယ်။

ကဲ ဒီတော့ ဝင်ငွေ၊ထွက်ငွေ မျှတအောင် ဘယ်လို စီမံကြမလဲ? 

ပထမဦးဆုံး အသုံးစရိတ်တွေကို စပြီးခြေရာခံရတော့မှာပါ။ အသုံးစရိတ်တွေကို ခြေရာမခံခင် ကြိုတင်ပြီးတော့ ငွေကြေးကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးမယ်ဆိုတဲ့ အစီအစဉ် ရေးဆွဲထားဖို့လိုပါတယ်။ တစ်လစာ ဒါမှမဟုတ် တစ်ပတ်စာအတွက် ဘယ်နေရာတွေမှာ ဘယ်လောက်သုံးမယ်ဆိုတာမျိုးပါ။ အသုံးစရိတ်တွေကို အစီအစဉ်ချတဲ့အခါ အစားအသောက်အတွက်၊ အလှအပအတွက်၊ အိမ်အသုံးစရိတ်အတွက် စတဲ့ အုပ်စုလေးတွေခွဲပြီး အုပ်စုအလိုက် သုံးမယ့်ငွေကို သတ်မှတ်ထားရမှာဖြစ်ပါတယ်။ လစဉ်သုံးစွဲရမယ့် အိမ်ငှားခလို မီတာခွန်လို အသုံးစရိတ် မျိုးတွေကိုတော့ အုပ်စုသပ်သပ်ခွဲပြီး ဖယ်ထားဖို့ လိုပါမယ်။ ဒီလို အသုံးစရိတ်တွေကို အတိအကျ ခွဲခြမ်းထားမှသာ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအတွင်း အသုံးစရိတ်အတွက် ထွက်ငွေဘယ်လောက်ရှိသွားပြီဆိုတာကို တိတိကျကျသိနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေကို လစဉ် အသုံးစရိတ်အတွက် စာရင်းချမှတ်ထားဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဥပမာအနေနဲ့ တစ်လကို ၂၀၀,၀၀၀ ဝင်ငွေရှိတယ်ဆိုရင် -


  • တစ်လတာ စားသောက်စားရိတ် - ၁၀၀,၀၀၀ 
  • တစ်လစာ ဖုန်းဘေလ် - ၁၅,၀၀၀
  • အရေးပေါ်ကျန်းမာရေးစရိတ် - ၃၀,၀၀၀
  • အလှအပနဲ့ အခြား အသုံးအဆောင် ပစ္စည်းဖိုး - ၂၀,၀၀၀
  • မီတာခွန်၊ရေခွန် - ၅,၀၀၀
  • သွားရေးလာရေးအတွက် ခရီးစရိတ် - ၂၀,၀၀၀ စတဲ့ အဓိက လိုအပ်မယ့် အကြောင်းအရာတွေအတွက် အုပ်စုလေးတွေခွဲပြီး စာရင်းရေးမှတ်ထားဖို့ လိုပါမယ်။ ငွေစုမယ့် သူတွေအတွက်ကတော့ ကျန်ငွေ ၁၀,၀၀၀ ကိုတော့ စုငွေအဖြစ် သတ်မှတ်လိုက်လို့ရပါတယ်။


ဒီလို ရေးမှတ်ထားတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ ငွေကြေးသုံးစွဲမှုတွေအပြင် တခြားအရာတွေအတွက် ငွေအပိုသုံးမိတဲ့အခါမှာလည်း သတိထားမိနိုင်မှာ ဖြစ်ပြီး ထွက်ငွေတွေကို ပြန်ထိန်းညှိနိုင်သွားမှာ ဖြစ်ပါတယ်။

ဘတ်ဂျက် အစီအစဉ် လည်းရှိပြီ။ ထွက်ငွေဖြစ်တဲ့ အသုံးစရိတ်တွေကို ခြေရာခံနိုင်သွားပြီဆိုရင် နောက်ထပ်လိုတဲ့အချက်က ဒီအချက်တွေကို ပုံမှန်လိုက်နာလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတစ်လမှာ လိုက်နာလုပ်ဆောင်ပြီး နောက်တစ်လမှာ သုံးချင်တိုင်းသုံးလိုက်မယ်ဆိုရင် ဝင်ငွေ၊ထွက်ငွေ မမျှတနိုင်တော့ဘဲ ချေးငွေတွေယူရတဲ့အထိ ဖြစ်သွားနိုင်တာကြောင့်ပါ။ စာဖတ်ပရိတ်သတ်တွေအနေနဲ့ ကိုယ့်ရဲ့ အသုံးစရိတ်တွေအတွက် ဘတ်ဂျက်ပလန်ရေးဆွဲပြီး ဝင်ငွေ၊ထွက်ငွေ တိကျ မျှတအောင် ပုံမှန်လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါရစေ။


ယခု ဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က