ခရစ်စမတ်နေ့မှာ မိသားစုတွေနဲ့ သူငယ်ချင်းတွေ အတူတကွ ဆင်နွှဲနိုင်ရေး ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးသွားမှာပါ။

ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုမှာ ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးပွဲကို လူဦးရေ ၁၀ ဦးအထိဖြင့် ကျင်းပခွင့်ပြုသွားရန် ပြင်ဆင်ထားပြီး မိသားစုတွေနဲ့ သူငယ်ချင်းတွေ အတူတကွ ဆင်နွှဲနိုင်ရေး COVID-19 ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးသွားမှာဖြစ်ကြောင်း အဆိုပြတင်ပြချက်မူကြမ်းက ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ဖော်ပြပါတယ်။

(Photo: Euan Cherry/Avalon/Photoshop/picture-alliance)

ပြည်နယ်ဝန်ကြီးချုပ်တွေက ၎င်းတို့ရဲ့ အစီအစဥ်တွေကို ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်နဲ့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၅ ရက်) မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဘာလင်မြို့တော်ဝန် မိုက်ကယ်မူလာက ပြည်နယ်ဝန်ကြီးချုပ်များ ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) နှောင်းပိုင်းမှာ သဘောတူညီခဲ့ကြတဲ့ ယခု စီမံဆောင်ရွက်မှုကို ယုံကြည်မှုရှိကြောင်းနဲ့ လက်ခံကြောင်း ARD ရုပ်မြင်သံကြားသတင်းကို ပြောခဲ့ပါတယ်။



ဂျာမနီမှာ COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး တစ်နိုင်ငံလုံးအတိုင်းအတာ lockdown လုပ်ထားမှုကို ဒီဇင်ဘာ ၂၀ ရက်အထိ တိုးချဲ့သတ်မှတ်ရန်လည်း သဘောတူညီခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးက ဆိုပါတယ်။ ဂျာမနီမှာ ကူးစက်မှုထိန်းချုပ်ရန် ဘားဆိုင်များ၊ စားသောက်ဆိုင်များနဲ့ ဖျော်ဖြေရေးနေရများကို နိုဝင်ဘာ ၂ ရက်နေ့မှစပြီး တစ်လကြာ ပိတ်ထားခဲ့ပါတယ်။

(Photo: Reuters)

စာသင်ကျောင်းများနဲ့ ဈေးဆိုင်တွေကိုတော့ ဆက်ဖွင့်ထားပြီး အချင်းချင်း စုရုံးတွေ့ဆုံမှုတွေကို အိမ်ထောင်စုနှစ်ခုမှ လူဦးရေ ၁၀ ဦးအထိ အများဆုံးအဖြစ် ကန့်သတ်ထားကြောင်း သိရပါတယ်။ ယခု အစီအစဥ်သစ်တွေအရ ထိုသို့ အချင်းချင်း စုရုံးတွေ့ဆုံမှုတွေကို အများဆုံး လူဦးရေ ငါးဦးအဖြစ် ခရစ်စမတ်ကာလအထိ ကန့်သတ်ထားမယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။

လူဦးရေ အများအပြား စုရုံးကြတဲ့ လူစုလူ‌‌ဝေးမဖြစ်စေရန် နှစ်သစ်ကူးအကြို မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကိုလည်း တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ သို့သော် မိသားစုတွေကို စိတ်သက်သာရာရစေရန် ရည်ရွယ်ပြီး ခရစ်စမတ်နေ့မှာ ကန့်သတ်ချက် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ဂျာမနီမှာ ယနေ့ စာရင်းတွေအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁၃,၅၅၄ ဦးတိုးလာခဲ့ကြောင်းနဲ့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉၄၂,၆၈၇ ဦးနဲ့ သေဆုံးသူ ၁၄,၃၆၁ ဦးရှိခဲ့ကြောင်း Robert Koch Institute (RKI) က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က