နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိတဲ့ သဘင် သက်ကြီးပူဇော်ပွဲကိုတော့ ဒီဇင်ဘာလထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အကြောင်းကို မပတ္တမြားကေခိုင်က ပြောပြခဲ့ပါတယ်။
Photo: Phoe Chit
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ သဘင် သက်ကြီးပူဇော်ပွဲကိုတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် သဘင်သက်ကြီး ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ဖို့ စီစဉ်နေတယ်လို့ မပတ္တမြား ကေခိုင်က Duwun ကို ပြောပါတယ်။
“ သဘင်သက်ကြီးပူဇော်ပွဲကို ဥက္ကဌကတော့ ဒီနှစ်ထဲမှာ လုပ်မယ်လို့ ဆိုထားပေမယ့် ရန်ကုန် လူတွေကို အရင်စုရဦးမှာပါ။ အရင်တုန်းကဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့သဘင် သက်ကြီးတွေကို နေရေးထိုင်ရေးက အစ တာဝန်ယူပြီး ရန်ကုန်ကို ခေါ်တာ ပြီးတော့ ဖျော်ဖြေပွဲတွေ ဘာတွေ ခမ်းခမ်းနားနားလုပ်ပြီး ကျင်းပခဲ့တာပါ။ အခုကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သဘင်အစည်းအရုံး၊ မြို့နယ်တွေကို ကန်တော့ခံ ပစ္စည်းတွေ ခွဲပေးပြီးတော့ အိမ်တိုင်ရာရောက်လှူဖြစ်ရင်လည်း လှူမယ်။ ဒီဇင်ဘာဆိုလည်း ဒီဇင်ဘာလထဲမှာ အပြီးလှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။
Photo: Phoe Chit
သဘင်သက်ကြီးကန်တော့ခံ ဘိုးဘွားများအနေနဲ့ အသက် (၇၅) နှစ်ကျော်မှသာ ကန်တော့ခံ စာရင်းဝင်တာလို့ မ ပတ္တမြားကေခိုင်က ဆိုပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက သဘင်သက်ကြီး ပူဇော်ပွဲကို မန္တလေးမြို့မှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပြီး ကန်တော့ခံ ဘိုးဘွား (၇၃၇) ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကန်တော့ခံ ဘိုးဘွား အယောက် (၈၀၀) အထိ ရှိတယ်လို့ မ ပတ္တမြားကေခိုင်က ဆိုပါတယ်။
“ အသက် (၇၅) နှစ်အထက် သက်ကြီးတွေကို ဒီနှစ် စာရင်းကောက်လိုက်တာ အယောက်(၈၀၀) လောက်ရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ သဘင်အစည်းအရုံးတွေရှိတယ်၊ သဘင်သည်တွေက တစ်နိုင်ငံလုံးမှာ ပြန့်နေတာဆိုတော့ ဒီနှစ်ကို ကရင်ပြည်နယ်မှာ လုပ်ဖို့ အလံလွှဲခဲ့တာ။ အရင်နှစ်တွေကလိုပဲ ဖျော်ဖြေပွဲတွေနဲ့ ကျင်းပဖို့ စီစဉ်ထားတာ အခုတော့ ကိုဗစ်ကြောင့် မလုပ်နိုင်တော့ဘူးပေါ့နော်။ လူစုလူဝေးနဲ့ ပွဲတွေ မလုပ်ရတဲ့အချိန်မှာ အများဆုံး ဒုက္ခရောက်တာက သဘင်သည်တွေကိုး။ အရင်ကဆို လူကြီးတွေ တစ်ယောက်ကို တစ်သိန်းကန်တော့နိုင်တယ်။ စုပေါင်းပွဲတွေ လုပ်ပြီး ရန်ပုံငွေတွေရှာတယ်။ ပွဲကပြီးတော့ ဝင်ငွေက ရှာလို့ရတယ်။ အခုက ဘယ်လိုမှ ဝင်ငွေက မရှိတော့ အလှူခံပြီးတော့ ပေးရမှာ။ တစ်ယောက် တစ်သိန်းရဲ့ အောက်ကို လျှော့ပြီးတော့လည်း မကန်တော့ချင်တော့ အလှူငွေကို မဖြစ်ဖြစ်အောင်တော့ ရှာရမှာပေါ့။ လူကြီးတွေလည်း ပျော်သလို အစ်မတို့လည်း ပီတိဖြစ်ရမှာပေါ့” လို့ ဆိုပါတယ်။
Photo: Phoe Chit
သဘင်သက်ကြီး ပူဇော်ပွဲကိုတော့ နှစ်စဉ်နှစ်တိုင်း မတ်လ အတွင်း ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့ အတွက် ဒီဇင်ဘာလ မှာ ပြုလုပ်ဖို့ စီစဉ်လိုက်တာလို့ သိရပါတယ်။ သဘင်သက်ကြီး ပူဇော်ပွဲကိုတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးမှ ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်ကတော့ တတိယမြောက် အကြိမ် ပြုလုပ်ခြင်းဖြစ်ပါတယ်။