ညီနန္ဒကတော့ အိမ်ထောင်သက်တမ်း (၁၁) နှစ်အတွင်းမှာ သူရဲ့ ဆိုးကျိုးတွေကို သည်းခံပေးလာခဲ့တဲ့ ဇနီးဖြစ်သူ အကြောင်းကို ပြောပြခဲ့ပါတယ်။
photo: Nyi Nanda
သရုပ်ဆောင် ညီနန္ဒတို့ ဇနီးမောင်နှံဟာ ချစ်သူ သက်တမ်း (၁၁) နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၁) နှစ်ကျော်ကြာခဲ့ပါပြီ။ အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ မိသားစုဝင်တွေအပေါ် ဆိုးကျိုးတွေသာ ဖြစ်စေခဲ့တဲ့ ညီနန္ဒဟာ အခုဆိုရင် ပျော်ရွှင်နေတဲ့ မိသားစုဘဝလေးဖြစ်လာလို့ တည်ဆောက်နေတယ်လို့ Duwun ကို ပြောပါတယ်။
“ အိမ်ထောင်သက်(၁၁) နှစ်လုံးလုံး အစ်ကိုနဲ့ ပတ်သက်ခဲ့တဲ့ အစ်ကို့ ဇနီး၊ အစ်ကို့ သမီးလေး၊ ပြီးတော့ ကိုယ့်မိဘ၊ သူ့မိဘတွေဟာ အစ်ကို့ရဲ့ ကောင်းကျိုးတွေဆိုတာထက် ဆိုးကျိုးတွေ သူတို့ ပိုခံစားထားရတယ်။ ဒါကြောင့် ဒီအချိန်မှာ အလုပ်ကလွဲပြီး ဘာမှ မစဉ်းစားပဲနေတယ်၊ ဘုရားတရားလေး ပိုလုပ်တယ်။ လက်ကျန်ဘဝလေးမှာ အားလုံး စိတ်ချမ်းသာအောင်နေသွားချင်တယ်။ ဒီအနေအထားလေးကိုလည်း မကျသွားအောင် အစ်ကို ကြိုးစားပြီးတော့ တည်ဆောက်မယ်။ သူသည် အစ်ကို့အတွက် လုံးဝ အစားထိုးမရတဲ့ ပါရမီဖြည့်ဘက်ပါ။ အခု ဘုရားတရားလုပ်မယ်ဆိုရင်လည်း သူက အစ်ကို့ထက်ပိုလုပ်တယ်။ မနက်ဆို လင်မယားနှစ်ယောက် တက်ညီ လက်ညီနဲ့ ဘုရားအလုပ်လုပ်တယ်။ သူရှိတာလည်း တကယ်အားရှိတယ်။ လူတစ်ယောက် အောင်မြင်တယ်ဆိုတာ သူ့ရဲ့ နောက်ကွယ်မှာ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာ တကယ်ကို မှန်တယ်” လို့ဆိုပါတယ်။
photo: Nyi Nanda
ညီနန္ဒဟာ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက်တမ်း(၁၁) နှစ်အကြာမှာ သူ ဆိုးခဲ့သမျှတွေကို သည်းခံပေးခဲ့တဲ့ ဇနီးသည်ကိုလည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။
“ သူ့ကို ကျေးဇူးတင်တယ်ဆိုတာထက် အလုပ်နဲ့ သက်သေပြနေတာ အားလုံးလည်းမြင်ပါတယ်။ အခုဆို ပြုပြင်ပြောင်းလဲလာတာ (၂) နှစ်ကျော်လို့ (၃) နှစ်အချိန်ကို ရောက်လာပြီ။ ရှေ့ဆက်ပြီး ဒီ့ထက် ပိုကောင်းဖို့ပဲရှိတယ်။ လောကဓံက အပြောင်းအလဲကြမ်းတယ်၊ ရှေ့ဆက် ဘာဖြစ်လာဦးမလဲ မသိဘူူးလေ။ ဒါတွေလည်း ပြင်ဆင်ထားတယ်။ အစ်ကို့အတွက် အောင်မြင်မှုကတော့ အကြွေးကျေတဲ့နေ့ပဲ။ နောက်ထပ်လည်း အကြွေးတင်မခံတော့ဘူး ။ အကြွေးကျေသွားရင် မိသားစုလေး အိုးပိုင်အိမ်ပိုင်နဲ့ နေချင်တယ်။ မိန်းမကတော့ ကိုယ်ပိုင်အိမ်လေးမှာ ဘုရားခန်းကို သူ့ စိတ်တိုင်းကျ လုပ်ပေးမယ်။ သမီးလေးကတော့ ရေကူးကန်လေး ပါချင်တယ်လို့ပြောတယ်။ ဒါလေးကတော့ စိတ်ကူး အိပ်မက်လေးပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
photo: Nyi Nanda
သရုပ်ဆောင် ညီနန္ဒနဲ့ ဇနီးဖြစ်သူမနန်းထိုက်အောင်တို့ဟာ တစ်ဦးတည်းသော သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကကို ထူထောင်ထားကြတာဖြစ်ပါတယ်။ ညီနန္ဒဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ အနုပညာအလုပ်တွေ ခဏတာ ရပ်နားခဲ့ချိန်တုန်းက စီးပွားရေးတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို လောင်းကစားတွေလည်း လုပ်ခဲ့ဖူးတယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ လူကောင်းတစ်ယောက် အနေနဲ့ မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။