တိုင်ကြားစာတွေအပေါ် အလေးအနက်ထားပြီး ဆောင်ရွက်မည်ဟုဆို

အစိုးရက ငွေလေးသောင်းထောက်ပံ့ကြေးပေးတဲ့ ကိစ္စမှာ တိုင်ကြားစာပေါင်း လေးသောင်းနီးပါး ရရှိထားပြီး တိုင်ကြားမှု အများဆုံးက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားလိုက်ပါတယ်။

ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးနေရာ အခုလေးကြိမ်မြောက် ထောက်ပံ့မှုမှာတော့ အငြင်းပွားမှုတွေ ရှိနေတာကြောင့် တိုင်ကြားဖြေရှင်းရေးဌာနကို နိုဝင်ဘာ(၁၆) ရက်ကစပြီး စတင်လှစ်ခဲ့တယ်လို့သိရပါတယ်။ စတင်ဖွင့်လှစ်ခဲ့တဲ့နေ့ကနေ နိုဝင်ဘာ (၂၃) ရက်နေ့ တစ်ပတ်အတွင်း တိုင်ကြားစာ ပေါင်း ( ၃၇,၅၇၅ ) စောင်လက်ခံရရှိပြီး တိုင်ကြားမှုရဲ့ (၉၃) ရာခိုင်နှုန်းက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ဦးမင်းသူက ဆိုပါတယ်။



“ တိုင်ကြားစာတွေအနက် တိုင်ကြားစာ ( ၃၄,၉၇၈ ) စောင်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တိုင်ကြားတာ ဖြစ်တဲ့အတွက် တိုင်ကြားမှုရဲ့ ၉၃ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေ စတင်ဆောင်ရွက်နေပါပြီ။” လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့်အသိပေးပြောကြားခဲ့ပါတယ်။

ပြည်သူတွေ အခုလို တိုင်ကြားစာတွေ ပေးပို့လာတာကို ကြိုဆိုကြောင်း၊ တိုင်ကြားစာတွေအပေါ် အလေးအနက်ထားပြီး ဆောင်ရွက်မှာဖြစ်သလို အထက်ဌာနနဲ့ အောက်ခြေအဖွဲ့အစည်းတွေ အကြား ချိတ်ဆက်မှု အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေ ပြုပြင်နိုင်ဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ထောက်ပံ့ပေးမှုကတော့ (၁၀၀) ရာခိုင်နှုန်းပြီးစီးသွားပြီလို့ သိရပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာတော့ (၅) ရာခိုင်နှုန်းအောက်ထောက်ပံ့ဖို့ ကျန်ရှိနေသေးတယ်လို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က