ဦးကျော်မြင့်ကို ထောင်ဒဏ်ရှစ်နှစ်ခန့်ကျခံရမယ့် အမိန့်ချမှတ်ထားပါတယ်။

ဖျက်သိမ်းလိုက်တဲ့နှင်းဆီပါတီရဲ့ဥက္ကဌ ဦးကျော်မြင့်အနေနဲ့ မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းသားအခွင့်အရေးများ ဆုံးရှုံးနေတယ်လို့ သူ့ရဲ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ့ဦးနေလင်းထွန်းက ဒီကနေ့ရုံးချိန်းမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

ဦးကျော်မြင့်အနေနဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထောင်ပြေးမှုနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရပြီး မူလကအကျဉ်းကျခံရာနေရာဖြစ်တဲ့ မန္တလေး၊ အိုးဘိုအကျဉ်းထောင်ကိုပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရကာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ချမ်းအေးသာစံတရားရုံးက ဦးကျော်မြင့်ကို ထောင်ပြေးမှုအတွက် ပြစ်ဒဏ်အဖြစ် အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ်ချမှတ်ထားပြီးယခင်လက်ကျန် ထောင်ဒဏ်ကျခံရက်များနဲ့ပေါင်းကာ ထောင်ဒဏ်ရှစ်နှစ်ခန့်ကျခံရမယ့် အမိန့်ချမှတ်ထားပါတယ်။ 



"အကျဉ်းကျနေတဲ့အကျဉ်းသားတရားခံတစ်ယောက်ဟာ သူ့ရဲ့ရှေ့နေကနေမှ ထောင်ဝင်စာပို့တာတောင်မှ အကျဉ်းထောင်ကနေမှလက်ခံခွင့်ပြုဖို့ ခက်ခဲနေသလားဆိုတဲ့ ပြဿနာလေးပြောစရာတစ်ခုရှိပါတယ်။ ပြောချင်တာက အကျဉ်းသားတစ်ယောက်အကျဉ်းထောင်ထဲရောက်နေပြီပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ ထောင်ဝက်စာလာပို့တာ လူချင်းတွေ့တာလည်းမဟုတ် ပစ္စည်းလာပို့တာ လက်ခံစေချင်တယ်။ လက်ခံခွင့်ပြုစေချင်တယ်ပေါ့နော်။ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးရှိတယ်။ သူ့အတွက်..အဲ့အပေါ်မှာ ဆင့်ကဲဆင့်ကဲတင်ပြပြီးတော့မှ သူတစ်ယောက်တည်းအတွက်သီးခြားထူးပြီးတော့မှ နေပြည်တော်အထိ ခွင့်ပြုမိန့်တွေတင်နေရတာက သူ့အတွက်အများကြီးနစ်နာစေတယ်လို့ ကျွန်တော့်အနေနဲ့ဒါမီဒီယာကနေတဆင့်ပြောချင်ပါတယ်။"လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းကပြောပါတယ်။ 

ဦးကျော်မြင့်ကို ရုံးချိန်းထုတ်ရာမှာလည်း ရှေ့နေ့တွေနဲ့တွေ့ဆုံပြီး ဥပဒေကြောင်းအရသီးခြားဆွေးနွေးခွင့်မပေးဘဲ တရားခွင်အတွင်းမှာသာတွေ့ဆုံခွင့်ရတယ်လို့လည်း ဦးနေလင်းထွန်းကဆိုပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ဦးကျော်မြင့်ကို လဝကအက်ဥပဒေနဲ့တရားစွဲဆိုထားမှုကို စစ်ဆေးခဲ့တာဖြစ်ပြီး နေရာဒေသလွဲမှားနေမှုကိုအကြောင်းပြကာ ချမ်းအေးသာစံတရားရုံးကပလပ်ပြီးပိတ်သိမ်းလိုက်ပါတယ်။

လက်ရှိမှာတော့ ဦးကျော်မြင့်အနေနဲ့ သူအရင်ကကျခံဖို့ကျန်နေသေးတဲ့ပြစ်ဒဏ်နှစ်တွေအပါအဝင် ထောင်ပြေးမှုအတွက်ထောင်ဒဏ် ၂ နှစ် ကျခံရမှာဖြစ်ပြီး နောက်ထပ်ထပ်စွဲထားတဲ့အမှုတွေမရှိသေးဘူးလို့လည်း တရားရုံးသတင်းနှင့်ပြန်ကြားရေးအရာရှိဦးကျော်မျိုးဝင်းကပြောပါတယ်။

ဦးကျော်မြင့်ရဲ့အမှုကိုတော့ အပြီးတိုင်ပိတ်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ စီရင်ချက်ချနိုင်တဲ့ တရားရုံးတစ်ခုမှာ ပြန်လည်လျှောက်ထားပြီး တရားစွဲဆိုနိုင်တယ်လို့သိရပါတယ်။ ဦးကျော်မြင့်ရဲ့ဘဏ်စာရင်းမှာ နိုင်ငံခြားငွေအဝင်အထွက် အရှုပ်အရှင်းတွေရှိကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပေးမယ့်လည်း လက်ရှိအချိန်အထိတော့ အမှုဖွင့်တရားစွဲဆိုထားတာမျိုးတွေ မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

က္က