ကျွန်မက အနုပညာရှင်တစ်ယောက်ပါ။

မယ်လိုဒီကတော့ “ မျိုးကို တရားအကြောင်းတွေပြောပြီးတော့ အလှပုံတွေတင်တယ်ပေါ့နော်၊ တကယ်တရား မရသေးဘူးတဲ့” ဆိုပြီးတော့ သူမရဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

Photo: melody



သရုပ်ဆောင်မယ်လိုဒီကတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အနုပညာအကြောင်းအရာတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဘာသာရေးအလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေတာပါ။ ဘာသာရေးအလုပ်လုပ်ပေမယ့် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အလှပုံတွေ တင်လို့ ပရိသတ်တချို့ရဲ့ ဝေဖန်မှုကြုံရတယ်လို့ ပြောပါတယ်။ 

ဒီလို ဝေဖန်မှုတွေ အပေါ် မယ်လိုဒီက ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ဖြေရှင်းခဲ့ပါတယ်။

“ တချို့က မျိုးကို တရားအကြောင်းတွေပြောပြီးတော့ အလှပုံတွေတင်တယ်ပေါ့နော်၊ တကယ်တရား မရသေးဘူးတဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မျိုးက အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်က နေကောင်းပါတယ်၊ ကျန်းမာနေပါတယ်၊ ဒီအသက် ဒီအရွယ်မှာ ကျွန်မ လှနေပါသေးတယ်။ အခုဆို ၃၉ ထဲမှာပါ။ ပြီးတော့ ကျွန်မ ဘာတွေလုပ်နေပါသေးတယ်ဆိုတာကို ဖေ့စ်ဘွတ်မှာ တင်မှ ပရိသတ်တွေက သိမယ်။ ပြီးတော့မှ ကြော်ငြာတွေအတွက် ကုမ္မဏီတွေက လာကမ်းလှမ်းမယ်။ ကျွန်မက တရားအကြောင်းတွေ ဆွေးနွေးတယ်ဆိုတာက မျှဝေတာပါ။ တရားပဲထိုင်ပြီးတော့ နေလို့မရဘူး မိသားစုအတွက် ပိုက်ဆံက လည်းရှာရဦးမယ်။ အခုအသက် (၃၉) နှစ်အရွယ်မှာ ကျွန်မက ကြည့်ပျော်ရှုပျော် ရှိပါသေးလားပေါ့။ ကိုယ့်ရပ်တည်မှုအတွက် ကိုယ်နဲ့ သက်ဆိုင်တဲ့အလုပ်လည်း ကိုယ်လုပ်ရပါသေးတယ်။ ကျွန်မက တရားမရှိလို့ တရားလက်လွတ်ကြီး အလှဂုဏ်မောက်ပြီး တင်နေတာမဟုတ်ပါဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် (၁၀)နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ခဲ့တာပါ။ 

Photo: melody

မယ်လိုဒီဟာ ခရစ်ယာန်ဘာသာဝင်မျိုးနွယ်က ဆင်းသက်လာတယ်လို့ ယင်း Live မှာ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူယုံကြည်ရာ ဘာသာရေးအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာပါ။ ဗုဒ္ဓဘာသာ တရားတော်နဲ့ ပတ်သက်ပြီးတော့လည်း အင်မတန်ကို လေ့လာမှုအားကောင်းတဲ့သူလည်းဖြစ်ပါတယ်။ ဘာသာရေးအလုပ်ကို ပိုလုပ်ဖြစ်နေတဲ့ အချိန်မှာ သူ့ရဲ့ ကိုယ်တွေ့ခံစားချက်လေးကို အခုလို မျှဝေခဲ့ပါတယ်။ 

“ ကျွန်မရဲ့ ကိုယ်တွေ့မှာ တရားတွေထိုင်၊ ဘုရားသေချာဝတ်ပြုတဲ့ အချိန်မှာ ဘာမြင်လာသလဲဆိုတော့ ခေတ်ကာလသားသမီးတွေကို ကြည့်ပြီးတော့ သူတို့ သောက်နေကြပြန်ပြီ၊ အမလေး မူးနေကြတာ၊ ပျော်ပါးနေကြတာ တကယ်တော့ ကိုယ်လည်း ဒီလိုဖြစ်ခဲ့ဖူးတာပဲလေ ဒါကို သတိပြန်လုပ်ရတယ်။ တကယ်တမ်းကျတော့ ဒါက စေတနာပါ။ ဒါကြောင့် ဘုရားတရား အရမ်းလုပ်တဲ့သူတွေကို ကျွန်မ ကိုယ်ချင်းစာတတ်လာတယ်။ အရင်ကဆို သူတို့က ဘုရားတရားလုပ်ပြီး လူတစ်ဖက်သားကို ဘာလို့ ကြည့်ပြီးလိုက်ပြောနေသလဲလို့ ထင်ခဲ့မိတယ်။ ဒါ ဝန်ခံတာပါ။ အခုတော့ သူများ ကောင်းဖို့ မကောင်းဖို့ထက် ကိုယ်ကောင်းဖို့ အရင်ကြိုးစားတယ်။ ကိုယ့်ဘာသာကိုယ်တောင် တရားမပြည့်လို့ ဖြည့်နေရပါသေးတယ်။ လောဘ ဒေါသတွေကို ချိုးနှိမ်ပြီးတော့ နေနေရတယ်။ ၃၁ ဘုံမှာ ကျင်လည်နေသရွေ့ကတော့ အပူတွေရှိမယ်၊ လောဘ၊ ဒေါသ မောဟတွေရှိမယ်ပေါ့နော်။ ကျွန်မ ယုံကြည်ရာ၊ ကိုးကွယ်ရာ လုပ်တဲ့ တရားအပေါ် ယုံကြည်မှုရှိတယ်၊ တန်ဖိုးထားတယ်”လို့လည်း ဆက်လက် ပြောပြထားတာ တွေ့ရပါတယ်။ 

Photo: melody

မယ်လိုဒီဟာ အခုဆိုရင် ချစ်ရတဲ့ သားလေး သိဒ္ဒိစစ်၊ သူမရဲ့ မိခင်၊ ညီမလေးတို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သူပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပြီးတော့လည်း အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ မယ်လိုဒီဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။သူမရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင်ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က