ထိပ်တန်းခေါင်းဆောင်ဟောင်းတွေတက်ရောက်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ
ဒီသတင်းစာရှင်းလင်းပွဲကို ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးခင်ရီအပါအဝင် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့အပါအဝင် ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်လာကြပါတယ်။ ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီရဲ့ မိတ်ဆွေပါတီအဖြစ် နိုင်ငံရေးပါတီ(၁၉)ခုနဲ့ ၎င်းပါတီတွေရဲ့ ခေါင်းဆောင်တွေ ၊ ကိုယ်စားလှယ်တက်ရောက်ခဲ့ကြပါတယ်။
သံရုံးက သံတမန်အရာရှိတွေ ၊ ပြည်တွင်း/ ပြည်ပက သတင်းမီဒီယာတွေလည်း ငါးဆယ်ဝန်းကျင်လာရောက် သတင်းရယူခဲ့ကြသလို ပြည်ခိုင်ဖြိုးအပါအဝင် အခြားမိတ်ဆွေပါတီတွေရဲ့ ထောက်ခံဝန်းရံသူလို့ ယူဆရတဲ့ ပြည်သူတွေကိုလည်း တွေ့ခဲ့ရပြီး ဒီသတင်းစာရှင်းလင်းပွဲမှာ စုစုပေါင်း လူဦးရေ (၂၀၀)ကျော် တက်ရောက်ကြတဲ့အတွက် လူစုလူဝေးဖြစ်နေပေမယ့်လည်း ရုံးအဝင်မှာ အပူချိန်တိုင်းတာခြင်းနဲ့ လက်သန့်ဆေးရည်တွေဆောင်ရွက်ထားရှိခဲ့တာတွေ့ရပါတယ်။
ပြည်ခိုင်ဖြိုးနဲ့မိတ်ဆွေပါတီတွေက ခေါင်းဆောင်တွေရှင်းလင်း
သတင်းစာရှင်းလင်းပွဲကိုတော့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးခင်ရီ နဲ့ ဦးသိမ်းကြည် ( အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ) ၊ ဒေါက်တာမောင်သင်း(USDP ပါတီကိုယ်စားလှယ်) ၊ သရေစည်သူ ဦးစိုးမောင် (အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ) ၊ ဦးနေလင်း (စာရေးဆရာအမတ်ဒိန်) နဲ့ ဦးသန်းထွန်း (အမျိုးသားဒီမိုကရေစီပါတီသစ်) တို့က ဦးဆောင်ပြောဆိုကြပြီး ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ တွေ့ကြုံခဲ့တဲ့ တရားမဲ့ပြုကျင့်မှုတွေ ၊ မဲမသမာမှုတွေ ၊ ဥပဒေချိုးဖောက်မှုတွေ နဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက် ၊ မညီမျှမှုတွေကို ဝေဖန် ပြောဆိုခဲ့ကြပြီး ပွဲကျင်းပရာ ခန်းမထဲမှာလည်း မဲမသမာမှုဖြစ်စဉ်တွေ နဲ့ ဥပဒေချိုးဖောက်မှုတွေရဲ့ ဓာတ်ပုံသက်သေတွေ ဗီဒီယိုသက်သေတွေကိုလည်း ပြသထားခဲ့တာ ဖြစ်ပါတယ်။
ပွဲကိုတက်ရောက်လာတဲ့ ပြည်တွင်း / ပြည်ပမီဒီယာတွေက ဒီဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ပြန်လည်မေးမြန်းရာမှာတော့ ဒီဖြစ်စဉ်တွေအတွက် ပါတီတွေရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှု ၊ ဒီလိုကန့်ကွက်မှုတွေကနေ ဘယ်လိုရလဒ်တွေ ပြန်လည်မျှော်မှန်းထားရှိလဲ ၊ ကန့်ကွက်မှုတွေကို ဘယ်အခြေအနေအထိ လုပ်ဆောင် သွားမလဲ ၊ ကော်မရှင်ဥပဒေတွေနဲ့ ပတ်သက်ပြီး အများဆုံးမေးခွန်းထုတ်ခဲ့ကြပါတယ်။
ဘာတွေအဓိကထားပြောခဲ့ကြလဲ
ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးခင်ရီကတော့ "ဒီမမျှတမှုတွေကို အစိုးအရက အမိအဖဖြစ်လို့ တည့်မတ်ဖို့ လိုတယ်။သံသယတွေကင်းသွားအောင် ကျွန်တော်တို့ တောင်းဆိုတာတွေကို မပေးနိုင်ဘူးလား ၊ ဒီတောင်းဆိုမှုတွေက ပါတီတစ်ခုတည်းအတွက် မဟုတ်ဘဲ ပါတီတိုင်း ကိုယ်စားပြုသူတွေ ၊ အမှန်တရားကိုလိုလားသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းသူမရှိဘူးလား ၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေပြီလားလို့ ပြောခဲ့ပါတယ်။အတိုက်အခံနိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့လမ်းကြောင်းအတွင်းကနေ ၊ ဥပဒေဘောင် အတွင်းကနေ ရေဆုံးမြေဆုံးတိုက်ပွဲဝင်သွားမယ်"လို့ ပြောခဲ့ပါတယ်။
ဦးနေလင်း (စာရေးဆရာအမတ်ဒိန်) ကတော့ အိုလံပစ်ပြိုင်ပွဲတွေမှာ ပထမရတဲ့သူက တားမြစ်ဆေးသုံးရင် မရိုးသားမှုရှိခဲ့ရင် သူ့ဆုကို ပြန်သိမ်းပြီး ဒုတိယရတဲ့သူကို လွှဲပြောင်းပေးရတဲ့ ဥပဒေသကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထွက်ပေါက်အဖြစ် အသုံးချပါလို့ ပြောဆိုခဲ့ပါတယ်။
သရေစည်သူ ဦးစိုးမောင်ကတော့ ဥပဒေအတိုင်းပဲ အစွမ်းကုန်ထောက်ပြနေမယ်။အဲဒီအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်လက်လျစ်လျူရှုမယ်ဆိုရင်တော့ နယူတန်နိယာမရှိတယ် ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိမယ်လို့ သတိပေးလိုက်ပါတယ်။အဲဒီအတွက်ကြောင့် အခုဥပဒေနဲ့အညီဆောင်ရွက်ပေးနေပါတယ်။အဲဒါကို လေးလေးစားစားနဲ့ ဆောင်ရွက်ပေးပါလို့ တာဝန်ရှိသူတွေကို မေတ္တာရပ်ခံပါတယ်။အသိလည်းပေးပါတယ် သတိလည်းပေးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
မီဒီယာမဟုတ်သူအချို့ဝင်ရောက်ပြောဆိုမေးမြန်း
ဒီပွဲမှာတော့ ပါတီတာဝန်ရှိသူတွေနဲ့ မီဒီယာတွေ အပြန်အလှန်ပြောဆိုနေစဉ်မှာပဲ မဲပေးခွင့်မရတဲ့ ပြည်သူဆိုတဲ့ အမျိုးသားတစ်ဦးက မဲပေးခွင့်မရရှိကြောင်းနဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးကြောင်း အမျိုးဘာသာအပျောက်မခံနိုင်ကြောင်း ဝင်ရောက်ပြောဆိုခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
ဆွေးနွေးမှုတွေအဆုံးမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီက မီဒီယာတွေကို ယုံကြည်အားကိုးကြောင်းနဲ့ အမှန်တရားဘက်ကနေ ရပ်တည်ဖော်ထုတ်ဖို့အတွက် ပြောဆိုရင်း မနက်၉နာရီခွဲကနေ စတင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဆွေပါတီတွေရဲ့ ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုတွေကို နေ့လယ်၁၂နာရီမှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။