လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်ဒုတိယအများဆုံးရှိနေတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့်လည်း အခြေခံဥပဒေကပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အတွင်း လက်ရှိအာဏာရအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနောက်မှာ ဒုတိယကိုယ်စားလှယ်အများဆုံးရှိနေတဲ့အဖွဲ့အဖြစ် တပ်မတော်က ရှိနေပေမယ့်လည်း နိုင်ငံရေးပါတီမဟုတ်တဲ့အတွက် အတိုက်အခံပါတီလိုမျိုးဆောင်ရွက်မှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

တပ်မတော်က အခြေခံဥပဒေနဲ့မညီညွတ်ရင် အပြုသဘောနဲ့ထောက်ပြပြောဆိုမှာဖြစ်ပြီး ဒါဟာအခြေခံဥပဒေပါပြဌာန်းချက်များနဲ့ အခြေခံဥပဒေကပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီနေ့ နေပြည်တော်က မီဒီယာများနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



" တပ်မတော်က လွှတ်တော်တွင်းမှာ အခြေခံဥပဒေပါပြဌာန်းချက်များနဲ့ အခြေခံဥပဒေကပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(င)နဲ့ (စ)အရတော့ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိပါတယ်တယ်။ တစ်ခုအလေးအနက်ထား ပြောချင်တာက တပ်မတော်က နိုင်ငံရေးပါတီမဟုတ်ပါဘူး။ အတိုက်အခံပါတီလိုမျိုး လုပ်စရာအကြောင်းမရှိပါဘူး ။ လိုအပ်ချက်ရှိရင် အပြုသဘောဝေဖန်ထောက်ပြတာတွေ ၊ ဥပဒေအရဆုံးဖြတ်ပေးနိုင်အောင် ဆောင်ရွက်တာတွေတော့ ပြုလုပ်မှာဖြစ်ပါတယ်" လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်တာပါ။

ဒါ့အပြင် လက်ရှိနိုင်ငံရေးပါတီတွေအပေါ် တပ်မတော်ရဲ့ သဘောထားအနေနဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရင် ပြည်ခိုင်ဖြိုးပါတီရော အခြားနိုင်ငံရေးပါတီတွေရော တပ်မတော်နဲ့ မူဝါဒပိုင်း နီးစပ်ပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

"ပါတီနဲ့ပတ်သက်ပြီးပြောရရင် သဘောထားက တပ်မတော်က အမျိုးသားနိုင်ငံရေးဆောင်ရွက်နေတာ ဖြစ်ပါတယ် ။နိုင်ငံရေးပါတီတွေက ပါတီနိုင်ငံရေးက တဆင့် နိုင်ငံ့အရေး ဆောင်ရွက်နေတဲ့သူတွေဖြစ်တယ်။ မည်သည့်နိုင်ငံရေးပါတီမဆို ဒို့တာဝန်အရေးသုံးပါးနဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။ဒီအချက်နဲ့ ပြည့်စုံရင် မည်သည့်ပါတီမဆို တပ်မတော်နဲ့ မူဝါဒပိုင်းနီးစပ်ပြီး ဖြစ်တယ်လို့ ပြောလို့ရပါတယ် ။ ကျွန်တော်တို့ လက်ရှိရပ်တည်ချက်ကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ လိုက်နာတဲ့ ၊ လေးစားတဲ့ ပါတီဆိုရင် မည်သည့်ပါတီမဆို တပ်မတော်နဲ့ မူဝါဒပိုင်းနီးစပ်ပြီးဖြစ်တယ်။ ဒါ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာရော တခြားပါတီတွေအပေါ်မှာရော သဘောထားသည် ဒီအတိုင်းပဲ ဖြစ်ပါတယ် " လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်တာပါ။

နိုဝင်ဘာလ(၈)ရက် ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၉၆နေရာနဲ့ ဦးဆောင်သွားမှာဖြစ်ပြီး တပ်မတော်ကတော့ ကိုယ်စားလှယ် (၁၆၆) နေရာရှိနေတာ ဖြစ်ပါတယ်။

တပ်မတော်ရဲ့လွှတ်တော်အတွင်းမှာ ၂၅ရာခိုင်နှုန်းနေရာရယူထားတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အမြဲလိုဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တပ်နဲ့ပတ်သက်မှုတွေကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်အသစ်ခန့်အပ်ရေးအပါအဝင် တပ်တွင်းကိစ္စရပ်များကို စီမံခွင့် ရှိတယ်လို့ဖော်ပြပါရှိပါတယ်။

တပ်တော်သားကိုယ်စားလှယ်တွေအနေနဲ့ကတော့ လွှတ်တော်အတွင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့အဆိုပြုတင်သွင်းတာတွေကို လုပ်ဆောင်နိုင်ပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေမှာတော့ သဘောတူညီမှု(သို့) ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။

Share

က္က