လူမင်းကတော့ ဒီလထဲမှာ နိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲတွေက ချီးမြှင့်တဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
Photo : အောင်သီရိ
ရုရှားနိုင်ငံ၊မော်စကိုမှာကျင်းပတဲ့ “ Eurasia International Monthly Film Festival “ မှာ နို့ဘီလူးဇာတ်ကားနဲ့ဒါရိုက်တာ လူမင်းက အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
“အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ကျင်းပသော နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်သည့် 6th Year “ Eurasia International Monthly Film Festival “ (October 2020) Competition တွင်Best Director Winner အကောင်းဆုံးဒါရိုက်တာဆုရှင် အဖြစ်လူမင်း အား ရွေးချယ်ချီးမြှင့်ခံရပါသည်” ဆိုပြီး နိုဝင်ဘာ(၂၇) ရက်နေ့က အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးပေ့ချ်မှာ တင်ထားပါတယ်။
Photo : အောင်သီရိ
ဒါရိုက်တာ လူမင်းရိုက်ကူးထားတဲ့”နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု စတဲ့ ထူးချွန်ဆု (၄)ဆုကိုရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံတွင် ပြုလုပ်တဲ့ Calcutta International Cult Film Festival မှာလည်း ထူးချွန်ဆု ငါးဆု ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။
နို့ဘီလူးရုပ်ရှင်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ လူမင်းကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်မြတ်မွန် နဲ့ ရွှေမှုံရတီ တို့က ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လ အတွင်းက မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။
Photo : Amazing Grace
နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိထားသူပါ။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။