‌ဒေသခံပြည်သူတွေကလည်းကျင်းပလိုတဲ့ဆန္ဒရှိကြဟုဆို

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ် (၉)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေရှိကြောင်း နေပြည်တော်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံတင်ပြသွားမယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ (၂၈) ရက်က ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါနဲ့ ရခိုင်အမျိုးသားပါတီတို့ တွေ့ဆုံခဲ့စဉ် အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို အပြန်အလှန် ဆွေးနွေးပြောဆိုကြရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က Duwun ကိုပြောပါတယ်။



“ အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲကျင်းပဖို့ ချန်လှပ်ထားခဲ့တဲ့နေရာတွေမှာ လုံခြုံရေးနဲ့ပတ်သက်လို့ ပြည်သူ့အသံတွေ အမှန်တကယ်ဘယ်လိုရှိလဲဆိုတာသိအောင် လာဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်း၊ ဒီလိုလာတဲ့အခါမှာ မြန်မာ့တပ်မတော်က အားလုံးကို ကူညီပေးတဲ့အကြောင်း၊ ပြည်သူတွေရှိရာကို သွားလိုက်တဲ့အခါ ပြည်သူတွေကိုယ်တိုင်က ရွေးကောက်ပွဲပြန်လည်ကျင်းပစေလိုတယ်၊ မဲထည့်ချင်တယ်ဆိုတဲ့ အသံတွေကြားရတယ်။ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့အတွက် စိတ်ချမ်းသာနေကြတယ်ဆိုတာ ကိုယ်တိုင်မျက်မြင်ကြားခဲ့တယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ကျင်းပလို့ရတယ်ဆိုတဲ့အနေအထားကို နေပြည်တော်မှာရှိတဲ့တာဝန်ရှိ အဖွဲ့အစည်းတွေကို တင်ပြမယ်ဆိုတဲ့အကြောင်းတွေကို ပြောပြခဲ့တာပါ” လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။

ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဌဖြစ်သူ ယိုဟီဆာဆာကာဝါက နိုဝင်ဘာ (၂၈) ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကို သွားရောက်ခဲ့ကာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးကိုယ်စားလှယ်ဟာ ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ၊လက်ရှိကာလမှာ ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားမှုတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ ဒေသခံတွေရဲ့ သဘောထားဆန္ဒကိုမေးမြန်းရာမှာ ဒေသခံတွေက လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းစေလိုပြီး ရွေးကောက်ပွဲကိုသူတို့နယ်မြေတွေမှာ ကျင်းပပြုလုပ်စေလိုတဲ့အကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်းက (၁၇) မြို့နယ်ထဲမှာ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မောင်တောနဲ့ ပေါက်တော စတဲ့မြို့နယ်တွေမှာ မြို့နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနေ့မတိုင်ခင် ကြေညာထားခဲ့တာာပါ။ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲနေ့မှာတော့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်တွင်း (၁၅) နေရာနဲ့ နေရာအများဆုံးအနိုင်ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Share

က္က