ရွေးကောက်ပွဲကော်မရှင်နဲ့ပညာရေးဝန်ကြီးဌာနတို့လည်းကူညီပေးဖို့ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကို နိုင်ငံရေးပါတီအချို့က တရားစွဲဆိုမှုတွေ လုပ်လာတာကြောင့် ဒီလို မမှန်မကန်စွပ်စွဲတရားစွဲဆိုမှုတွေအတွက် တန်ပြန် တရားစွဲဆိုသွားမယ်လို့ မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆရာဆရာမတွေကို နိုင်ငံရေးပါတီအချို့က တရားစွဲဆိုမှုတွေ လုပ်နေတာကို သတင်းမီဒီယာတွေက တစ်ဆင့်တွေ့ရသလို အဖွဲ့ချုပ်ကို တိုက်ရိုက်အသိပေးတာတွေ ရှိနေပြီး ဒီဖြစ်ရပ်က နိုင်ငံတာဝန်ကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့တဲ့ ဆရာ၊ဆရာမတွေအတွက် အင်မတန်ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။




ဓာတ်ပုံ- MTF

ဒီလိုတရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေအတွက် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီမှာဖြစ်သလို မမှန်မကန်စွပ်စွဲတရားစွဲဆိုမှုတွေကို တန်ပြန်တရားစွဲဆိုဖို့ မိတ်ဖက်ညီနောင် အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အခိုင်အမာကူညီပေးသွားမယ်လို့ ဆိုပါတယ်။

“ စွပ်စွဲမှုအချို့ဟာ မှန်မှန်ကန်ကန်မဟုတ်ဘဲ မမှန်မကန်စွပ်စွဲတာမျိုးလို့သုံးသပ်ပါတယ်။ ဒီလိုမမှန်မကန်တရားစွဲဆိုမှုအတွက် တန်ပြန်တရားစွဲဆိုမယ့်အကြောင်း တစ်ဖက်ကလူတွေကို အသိပေးတဲ့သဘောပါ။ ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆက်သွယ်တာတစ်ခုရှိတယ်။ပျော်ဘွယ်က ဆရာမတစ်ယောက် တရားစွဲဆိုခံရတဲ့ကိစ္စပါ။မြေပြင်မှာလေ့လာစုံစမ်းတယ်။ စုံစမ်းလို့သိရတဲ့အချက်အရဆိုရင် ဆရာမကြီးက မမှန်မကန်စွပ်ဆွဲခံရတယ်လို့သုံးသပ်ထားပါတယ်။ ”လို့ မြန်မာနိုင်ငံ ဆရာ၊ဆရာများအဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာ ဆရာ၊ဆရာများအဖွဲ့ချုပ်ထံတိုင်ကြားလာတဲ့ အမှုဖြစ်စဉ်မှာ ပျော်ဘွယ်မြို့နယ် ပေါက်အင်းကျေးရွာ မဲရုံအမှတ် (၂)မှာ တာဝန်ကျတဲ့ မဲရုံမှူးဆရာမတစ်ဦးကို ကြိုတင်မဲ မကောက်ယူမီ မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က တိုင်ကြားထားမှုက မမှန်မကန် စွပ်စွဲတာဖြစ်ပြီး ဆရာမဘက်ကနေ ကူညီဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ဆိုပါတယ်။

အခုလို ဆရာ၊ဆရာမတွေ စွပ်စွဲတရားစွဲဆိုခံရမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆရာ၊ဆရာမများအဖွဲ့ချုပ်နဲ့ အခြေခံပညာလုပ်သားများသမဂ္ဂအဖွဲ့အစည်းတို့ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ တန်ပြန်တရားစွဲဆိုမှုတွေလုပ်ဆောင်ရန် အရေးပေါ် အဖွဲ့တစ်ခုဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

“ အမှုက ဒီတစ်မှုတည်းမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဆီမှာလည်း ဆရာ၊ဆရာမတွေ တရားစွဲဆိုခံရတဲ့အမှုတွေ ရှိပါတယ်။ မနက်ဖြန် အရေးပေါ်အဖွဲ့ ဖွဲ့စည်းရင် အမှုဘယ်လောက်ရှိတယ်ဆိုတာသိရမှာပါ” လို့ (MTF) အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကဆိုပါတယ်။ 

ဒါ့အပြင် ဆရာ၊ ဆရာမတွေကို တာဝန်ပေးအပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနတို့အနေနဲ့လည်း တရားစွဲဆိုခံ ဆရာ၊ ဆရာမတွေနဲ့ ကိုဗစ်ရောဂါ ကူးစက်ခံ ဆရာ၊ ဆရာမတွေကိုလိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပေးစေလိုတယ်လို့လည်း ဆရာ၊ဆရာမများအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း မဲရုံတာဝန်ကျဆရာမ (၂) ဦး ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တဲ့အပြင် ဆရာ၊ဆရာမ အယောက် (၆၀) နီးပါးမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က