အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်အခြေစိုက်စခန်းတစ်ခုကို အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ လတ်တလော လပိုင်းအတွင်း သွေးထွက်သံယိုအဖြစ်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာပါတယ်။
(Photo: AFP)
အာဖဂန်အရှေ့ပိုင်း Ghazni ပြည်နယ်မြို့တော် Ghazni မြို့ ဆင်ခြေဖုံးရှိ စစ်စခန်းနေရာမှာ အသေခံ ကားဗုံးပေါက်ကွဲ ဖြစ်ပွားခဲ့ပါတယ်။ ထိုနေရာမှာ အာဖဂန်အစိုးရတပ်နဲ့ တာလီဘန်စစ်သွေးကြွအုပ်စုကြား တိုက်ပွဲများ ပုံမှန်ဖြစ်ပွားလေ့ရှိပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ကာလရှည်ကြာ စစ်ပွဲကိုအဆုံးသတ်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဥ် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အာဖဂန်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဖြစ်ပွားနေခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူဦးရေ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြပါတယ်။
"အလောင်း ၂၃ လောင်းနဲ့ ဒဏ်ရာရသူ ၂၃ ဦး ဆေးရုံကိုရောက်လာပါတယ်၊ သူတို့အားလုံးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ" လို့ Ghazni ဆေးရုံ အကြီးအကဲ Baz Mohammad Hemat က AFP သတင်းဌာနကို ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Tariq Arian ရဲ့ အဆိုအရ အသေခံဗုံးခွဲသမားဟာ ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်လာတဲ့ ကားတစ်စီးကို အသေခံဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
"အသေခံဗုံးခွဲသမားက ဟမ်းဗီးကားတစ်စီးကို စစ်စခန်းထဲ မောင်းဝင်လာခဲ့ပြီး ဖောက်ခွဲခဲ့ပါတယ်" လို့ Ghazni အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရအမျိုးသား Wahidullah Jumazada က AFP ကို ပြောခဲ့ပါတယ်။ စစ်စခန်းကို အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။
အာဖဂန်မှာ နောက်ထပ် အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုလည်း Zabul ပြည်နယ် Qalat မြို့မှာ ယနေ့ ဖြစ်ပွားခဲ့ရာ လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ Hekmatullah Kochi က AFP ကို ပြောပါတယ်။ ထိုတိုက်ခိုက်မှုဟာ Zabul ပြည်နယ်ဆိုင်ရာ ကောင်စီအကြီးအကဲ Atta Jan Haqbayan ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းဟာ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။
(Map: AFP)
အာဖဂန်အစိုးရနဲ့ တာလီဘန်အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာတာမြို့တော် ဒိုဟာမြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့မှစပြီး ပြုလုပ်နေခဲ့စဥ် အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်း အာဖဂန်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ကဘူးလ်မြို့ရှိ ကဘူးလ်တက္ကသိုလ် အပါအဝင် ပညာရေးသင်ကြားရေး နေရာနှစ်ခုမှာ တိုက်ခိုက်မှုနဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတို့ကြောင့် လူ ၅၀ ဦးကျော် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
ကဘူးလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုသုံးခုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောခဲ့ပေမဲ့ အာဖဂန်အစိုးရတာဝန်ရှိသူတွေကတော့ တာလီဘန်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ တာလီဘန်အုပ်စုက ထိုတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။