နိုဝင်ဘာတစ်လလုံးမှာ ကိုဗစ်ဖြစ်ပွားသူ ၃ သောင်းကျော်ရှိနေ

ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းမလိုက်နာသူတွေကို သင့်တော်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်စေလိုတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ (၂၈) ရက်က ပြုလုပ်တဲ့ တိုင်း/ပြည်နယ်နဲ့ မြို့နယ်အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှုအခြေအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ရောဂါဖြစ်ပွားမှုများတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ ပါးစပ်၊နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားစီမံချက် ဆောင်ရွက်နေမှုတွေ အသေးစိတ် တင်ပြဆွေးနွေးတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။



ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းမလိုက်နာသူတွေကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေမှာ လုပ်အားပေးပါဝင်ဆောင်ရွက်စေခြင်းကလည်း ကောင်းမွန်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြန်ဆုံးကျဆင်းသွားစေဖို့ လုပ်ငန်းတွေကို ဝန်ကြီးဌာနက လုပ်ဆောင်သင့်တာတွေကို အတတ်နိုင်ဆုံးဆောင်ရွက်နေပြီး ပြည်သူတွေ ပါဝင်မှု အဓိကထားဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဈေးတွေမှာ ဈေးရောင်းသူတွေ၊ ဈေးဝယ်သူတွေက ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်ဝန်ထမ်းတွေ ရှိနေချိန်မှာ ပါးစပ်နဲ့ နှာခေါင်းစည်း၊မျက်နှာအကာတွေကို ဝတ်ဆင်ထားပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ လိုက်နာဆောင်ရွက်မှုအားနည်းတာတွေတွေ့ရတယ်လို့လည်း သက်ဆိုင်ရာ တိုင်း/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးတွေကလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒါကြောင့်ဈေးရောင်းချသူတွေကို ပါးစပ်နဲ့ နှာခေါင်းစည်းမတပ်ပါက ဈေးရောင်းခွင့်မပြုဖို့နဲ့ ဈေးဝယ်သူတွေကိုလည်း ပါးစပ်နဲ့ နှာခေါင်းစည်းမတပ်ပါက ဈေးထဲဝင်ခွင့်မပြုဖို့ ဆောင်ရွက်ကြရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေက ရန်ကုန်တိုင်းအပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကူးစက်မှုနှုန်းမြင့်မားလာပြီး နိုဝင်ဘာလတစ်လလုံးမှာ  ကိုဗစ်ရောဂါဖြစ်ပွားသူ ၃ သောင်းကျော်ရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က