အဖျားဝေဒနာကြောင့်သာ ဆောက်သမ်တန်ကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လူစာရင်း ပါဝင်ထားပြီးမှ ဟိုတယ်မှာ တစ်ဦးတည်းသီးသန့် နေထိုင်ကျန်ရစ်ခဲ့ရတာလို့သိရပါတယ်။
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ကလပ်အသင်း လေ့ကျင့်ခန်းမှာ ပြင်သစ်တိုက်စစ်မှူး မာရှယ်အနေနဲ့ ၁၁မိနစ်သာ လေ့ကျင့်ခန်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အကြောင်းကတော့ ဖျားနာမှုဝေဒနာကို ခံစားနေရတာအရှင်းမပျောက်သေးတာကြောင့်လို့သိရပြီး အဆိုပါ ဝေဒနာ ကြောင့်လည်း ဆောက်သမ်တန်နဲ့ပွဲမှာ လူစာရင်းပါခဲ့ပြီးမှ ပြန်လည်ချန်လှပ်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
Manchester Evening News သတင်းဌာနရဲ့ ဖော်ပြချက်အရ လေ့ကျင့်ခန်းလုပ်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရသေးပဲ အိမ်ပြန်ပို့ခံထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် ယခုတစ်ပတ် ကြားရက်အတွင်းကစားရဖို့ ရှိနေသေးတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဥ်ကိုလည်း ထပ်မံ လွဲချော်ဖို့ ရှိနေပြီး ဒီပွဲဟာ ယူနိုက်တက်အတွက် နောက်တစ်ဆင့်တက်ရေး အရေးပါတဲ့ ပွဲလည်း ဖြစ်နေပါ တယ်။
မနှစ်က ဘောလုံးရာသီမှာအသင်းအတွက် ၁၇ဂိုးထိသွင်းယူပေးထားနိုင်ခဲ့တဲ့ မာရှယ်အတွက် ဒီအခြေအနေဟာ စိတ်ပျက်ဖွယ်အကောင်းဆုံး အခိုက်အတန့်လို့ ဆိုရမှာပါ။
လက်ရှိမှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ ဒဏ်ရာရစာရင်းမှာ မာရှယ်အပြင် ဆောက်သမ်တန်နဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ ဂိုးသမား ဒီဂီယာတို့ ရှိနေပေမယ့် အခြားသော အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ့ဂ်ဘာ၊တွမ်မီနေးနဲ့ လင်ဂတ်တို့ကတော့ အသင်းလေ့ကျင့်ခန်းကို ပူးပေါင်းနေနိုင်ပြီလို့ သိရပါတယ်။