အာရှထိပ်တန်းအဆင့်ရပ်တည်နိုင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းကာလတွေမှာ အဆင့်ကျဆင်းခဲ့ရပေမယ့် လက်ရှိမှာတော့ တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်နိုင်ဖို့ အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ (၁) ရက်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားမှာ ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေး ရပြီးစကာလမှာ ပညာအဆင့်အတန်းအနေနဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်သလို တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ဥပဓိရုပ်ကလည်း အရှေ့တောင်အာရှမှာ အသာယာအလှပဆုံးဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ အာရှအဆင့်ထိပ်တန်းကရပ်တည်နိုင်ခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ အခြားအရှေ့တောင်အာရှနိုင်ငံက ကျောင်းသား၊ကျောင်းသူတွေ လာရောက် ပညာဆည်းပူးခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောင်ပိုင်းတွေမှာ ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကျဆင်းခဲ့ရပေမယ့် တက္ကသိုလ်ကို ပြန်လည်အဆင့်မြှင့်တင်ဖို့ ကျွန်မတို့ အားလုံး အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာသာမက ရှေ့ဆက်ပြီး တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာဖြစ်တာကြောင့် မဟာစီမံကိန်းတစ်ခုကို ရေးဆွဲအကောင်အထည်ဖော်နေပြီလို့လည်းသိရပါတယ်။
သင်ရိုးညွှန်းတမ်းတွေကိုလည်း ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ အညီ ပြန်လည်ဆန်းစစ်မွမ်းမံပြင်ဆင်ကာ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။
ဒါ့အပြင် တက္ကသိုလ်ရဲ့ ဥပဓိရုပ်မိုမိုကောင်းမွန်လာစေဖို့ စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို အဆင့်မြှင့်တင်ေပေးနေပြီး တက္ကသိုလ်အတွက် အရေးပါတဲ့ သမိုင်းဝင် အဆောက်အဦ၊ အမှတ်အသားတွေကို ထိန်းသိမ်းသွားဖို့လည်း လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးတက္ကသိုလ်အဖြစ်ပေါ်ထွန်းလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံအတွက် သမိုင်းအစဉ်အလာအကြီးမားဆုံး၊ဂုဏ်ရှိန်အမြင့်မားဆုံးတက္ကသိုလ်ဖြစ်ပြီး နိုင်ငံရဲ့ တောင်းဆိုမှုအရ မြန်မာ့ပညာရေး၊နိုင်ငံရေးနဲ့ လွတ်လပ်ရေးတို့အတွက် ရန်ကုန်တက္ကသိုလ်က ဆုံမှတ်တစ်ခုဖြစ်လာခဲ့တယ်လို့လည်း အတိုင်ပင်ခံကဆိုပါတယ်။
ဒါကြောင့်ရန်ကုန်တက္ကသိုလ်ရဲ့ ပထမရာစုနှစ်ကုန်ဆုံးပြီး ဒုတိယရာစုအစပြုချိန်ကစလို့ တက္ကသိုလ်ရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတကာအဆင့်မီတက္ကသိုလ်အဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စေဖို့ အားလုံး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
Share