ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ နှစ်သိန်းလေးသောင်းခန့်ရှိပြီး အသစ်ကူးစက်ခံရမှုက (၉,၉၀၀) ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။
ခန့်မှန်းတွက်ချက်မှုတွေအရ မူးယစ်ဆေးထိုးသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေ၊ အကျဉ်းကျသူနေသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေစတဲ့ HIV ရောဂါပိုးကူးစက်ဖို့ အန္တရာယ်များတဲ့ ဦးစားပေးအုပ်စုတွေမှာ အဖြစ်များနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ (၁) ရက်က ကျင်းပပြုလုပ်တဲ့ (၂၀၂၀) ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။ ဒီလိုအဖြစ်များတာကြောင့် ဝန်ကြီးဌာနရဲ့ အမျိုးသားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေနဲ့ အဲဒီလို ဦးတည်အုပ်စုတွေကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကာ (၂၀၁၉) ခုနှစ်အတွင်းဖြစ်ပွားကူးစက်မှုတွေကို (၂၀၁၀) ခုနှစ်နဲ့ နှိုင်းယှဉ်ပါက (၃၆) ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။
“ ကူးစက်မှုအသစ်က (၂၀၁၉) မှာ (၉၉၀၀)ကျော်ပဲ တွေ့ရတယ်။ (၃၆) ရာခိုင်နှုန်းကျတယ်ဆိုတာက လုံး၀ မလွယ်တဲ့ကိစ္စပါ။ ဒါအလွန်အောင်မြင်ပါတယ်။ ဒီလိုကျတာက တစ်နိုင်ငံလုံးမှာ တပြေးညီကျတာမဟုတ်ပါဘူး။ ဒီ HIV က လူနေမှုဘဝနဲ့သက်ဆိုင်တယ်။ ဒီရောဂါက တော်တော်ကိုယ်တွယ်ရခက်တဲ့ ရောဂါပါ။ ဒီလောက်ကိုင်တွယ်ဖို့ခက်တဲ့ ရောဂါကို ကျွန်တော်တို့က အောင်မြင်အောင်လုပ်နိုင်တာ ကျေနပ်ပါတယ်”လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။
အစိုးရအနေနဲ့လည်း (၂၀၁၆-၁၇) ခု ဘဏ္ဍာနှစ်က စတင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၄) သန်းကို ဆေး၊ ဆေးပစ္စည်းနဲ့ စက်ကိရိယာတွေ ဝယ်ယူဖြည့်တင်းနေပြီး အမေရိကန်ဒေါ်လာ (၁) သန်းကိုလည်း မက်သာဒုန်းဆေးဝယ်ယူဖြည့်တင်းဖို့ဘဏ္ဍာငွေတွေချထားတယ်လို့သိရပါတယ်။
ဒါကြောင့် HIV ပိုး ကူးစက်ခံရသူပေါင်း (၂၄၀,၀၀၀) ကျော်ထဲမှာ (၂၀၁၆) ခုနှစ်အစမှာ လူနာ (၁၀၆,၀၀၀) ကျော်ကိုသာ အေအာတီဆေး ဆေးပေးကုသနိုင်ခဲ့ပြီး အခုနှစ်စက်တင်ဘာလမှာ အသက် (၁၅) နှစ်အထက် HIV ကူးစက်ခံရသူအားလုံးရဲ့ (၈၂) ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကုသပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် (၂၀၁၆) ခုနှစ်အစမှာကိုယ်ဝန်ဆောင် (၇၉၀,၀၀၀) ကျော်ကိုသာ သွေးစစ်ဆေးပေးနိုင်ခဲ့ပေမယ့် (၂၀၁၉) ခုနှစ်မှာ ကိုယ်ဝန်ဆောင် (၁၀) သိန်းကျော်ကို သွေးစစ်ဆေးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ HIV ဖြစ်ပွားမှုနှုန်းကလည်း (၂၀၁၁) ခုနှစ်မှာ (ဝ.၈၄) ရာခိုင်နှုန်းရှိခဲ့ရာကနေ (၂၀၁၉) ခုနှစ်မှာတော့ (ဝ.၅၀) ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။