ယခုနှစ်မှာ ကိုဗစ်ကြောင့် ပွဲစဥ်ဇယားတွေ စိပ်လာတာကြောင့်ကစားသမားတွေ အနားယူချိန် လုံလုံလောက် လောက်မရတော့ပဲ မကြာခဏဆိုသလို ဒဏ်ရာတွေ ရရှိလာကြပါတယ်။
ကစားသမားတွေ ဒဏ်ရာရရှိနေမှု မြင့်တက်နေတာကို လျော့ချနိုင်ဖို့ဆိုရင် လူစားလဲမှုကို ၃ဦးကနေ ၅ဦးအထိ တိုးမြှင့်ပေးသင့်တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ အဆိုပြုချက်ကို အားကစားသိပ္ပံပညာရှင်များပါ ထောက်ခံ အားပေးလာတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
ဘရိုက်တန်ကို သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ကလော့ပ်ဟာ ပရီးမီးယားလိဂ်အနေနဲ့ လူစားလဲမှုကို ၅ဦးထိ တိုးမြှင့် သင့်တယ်လို့ ဆက်လက် အဆိုပြု ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် ရုပ်သံများနှင့် ချုပ်ဆိုထားတဲ့ စာချုပ်များအရလည်း ဘောလုံးပွဲစဥ်ဇယားတွေကို အချိန်နှင့် တပြေးညီ ကစားနေရတာကြောင့် ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို ခံစားလာရပြီး ဒဏ်ရာတွေ အလွယ်တကူ ရရှိလာပြီ လို့ ကလော့ပ်က ထောက်ပြလာပါတယ်။
ဒီအပေါ်မှာတော့ နိုင်ငံတကာ အားကစားသိပ္ပံပညာရှင်များကလည်း မနှစ်က လူစာရင်း ၅ဦးထိ လဲလှယ်ခွင့်ပြုခဲ့တဲ့ အပေါ် လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လူစားလဲမှု ပိုပေးခြင်းက ဒဏ်ရာရမှုနှုန်းကို သိသာစွာ လျော့ချနိုင်တယ်ဆို တာ ထောက်ခံလာပါတယ်။
ဘရာဇီးမှာရှိတဲ့ ထရိုင်ရန်ဂူရို မင်နဲလ်ရိုးတက္ကသိုလ်မှ ဂူစတာဗိုလ်မိုတာ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဘောလုံး အားကစားဟာ အခြား အားကစားပြိုင်ပွဲတွေဖြစ်တဲ့ ဘတ်စကတ်ဘော အစရှိတဲ့ ပြိုင်ပွဲတွေထက် ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုတာကို ဖော်ထုတ်လာပါတယ်။
ဒီအချက်ပေါ်မှာအခြေခံပြီး လက်ရှိ ရေးဆွဲထားတဲ့ ပွဲစဥ်ဇယားအရ ကစားသမားတွေ ဒဏ်ရာရမှုနှုန်း လျော့ချနိုင်ဖို့ ဆိုရင် လူစားလဲမှု တိုးမြှင့်ပေးတာဟာ အကောင်းဆုံး အဖြေဖြစ်တယ်လို့ ထောက်ခံလာပါတယ်။
ဒီထောက်ခံချက်အဆိုကိုတော့ အဆိုပါ ဘရာဇီး သုတေသနအဖွဲ့ဟာ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်သုတေသ နနဲ့ ပြည်သူ့ကျန်းမာရေး ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ကစားသမားတွေအနေနဲ့ လက်ရှိမှာ ဗုဒ္ဓဟူးနေ့ ပွဲတစ်ပွဲကစားပြီးရင် စနေနေ့ နေ့လည်အချိန်လောက်မှာ နောက်ထပ် တစ်ပွဲထပ်ကစားရလို့ကြားထဲမှာ အနားရချိန်ဟာ ၆၂နာရီသာရှိနေပြီး ကစားသမားတွေအနေနဲ့ အနည်းဆုံး ၇၂နာရီဝန်းကျင်လောက်အနားရပြီးမှသာလျှင် ပွဲကစားဖို့ အဆင်သင့်ဖြစ်နိုင်လိမ့်မယ်ဆိုတာလည်း ဖော်ပြလာပါတယ်။
ဒီအဆိုကိုတော့ အင်္ဂလန်နိုင်ငံရဲ့ ဆန်းဒါးလန်းတက္ကသိုလ်က အားကစားသိပ္ပံကျွမ်းကျင်သူနှင့်ပညာရှင် ဒေါက်တာ ဒေးဗစ်အာချာကလည်း ထောက်ခံခဲ့ပါသေးတယ်။
ဒီအချက်တွေကို အင်္ဂလန် အက်ဖ်အေအနေနဲ့ မျက်ကွယ်ပြုပြီး လက်ရှိ ဆောင်ရွက်ထားရှိတဲ့အတိုင်း ရုပ်သံတွေနဲ့ ညှိနှိုင်းထားတဲ့အတိုင်း လုပ်ဆောင်မလား ပွဲစဥ်ဇယားတွေကို ပြန်လည်ညှိနှိုင်းမပေးဘူးဆိုရင်တောင် မနှစ်က အသုံးပြုစေခဲ့တဲ့ လူ ၅ဦးထိ လဲလှယ်ခွင့်ကို ပြန်လည်ခွင့်ပြုပေးသွားမလား စတာတွေကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
Share