စင်ကာပူက Eat Just ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားတွေကို ရောင်းချခွင့်ပြုလိုက်ပါတယ်။

ဓာတ်ခွဲခန်းမှာ ဖန်တီးထုတ်လုပ်ထားတဲ့ ကြက်သားအရသာကို စင်ကာပူနိုင်ငံရှိ စားသုံးသူတွေ မကြာမီ မြည်းစမ်းနိုင်ကြတော့မယ်လို့ ဆိုပါတယ်။

(Eat Just ကြက်သားတုံးများ) (Photo: Eat Just)

စင်ကာပူအာဏာပိုင်တွေက အမေရိကန်အခြေစိုက် အစားအစာနည်းပညာ ကုမ္ပဏီသစ် Eat Just ရဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားတွေကို နိုင်ငံမှာ ရောင်းချခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ East Jet က ဒီဇင်ဘာ ၂ ရက်နေ့မှာ ကြေညာချက်ချက်ထုတ်ပြန်ခဲ့ရာ စင်ကာပူအာဏာပိုင်တွေက ၎င်းတို့ရဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားကို ကမ္ဘာ့ပထမဆုံး ကြီးကြပ်ရေးအဖွဲ့အစည်း ခွင့်ပြုချက်ရအဖြစ် သတ်မှတ်လိုက်ကြောင်း ပြောထားပါတယ်။



Eat Just က ၎င်းရဲ့ အရသာရှိတဲ့ ဓာတ်ခွဲခန်း ကြက်သားတုံးတွေကို မကြာမီ စင်ကာပူမှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ East Just ကြက်သားဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထုတ်လုပ်ထားတဲ့ အသားတစ်မျိုးကို ကမ္ဘာတစ်ဝန်းမှာ ပထမဆုံးအကြိမ် စီးပွားဖြစ်ရောင်းချမှု ဖြစ်လာနိုင်ကြောင်း စင်ကာပူအစားအစာဌာန (Singapore Food Agency - SFA) က ပြောပါတယ်။

(Eat Just ပူးတွဲတည်ထောင်သူ Josh Tetrick) (Photo: Eat Just)

SFA က အစားအစာတီထွင်မှုများ ဘေးအန္တရာယ်ကင်းစေရန် လမ်းညွှန်ချက်ကိုလည်း ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆဲလ်အခြေခံ အသားဟာ တိရိစ္ဆာန်တွေရဲ့ ဆဲလ်များကို အသုံးပြုပြီး အသားဖြစ်လာစေရန် ဓာတ်ခွဲခန်းမှာ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်တဲ့ Eat Just ဟာ ၎င်းရဲ့ အပင်အခြေခံ ကြက်ဥအစားထိုး အစားအစာဖြင့် လူသိများပါတယ်။

၎င်းရဲ့ ဓာတ်ခွဲခန်းထုတ် အစားအစာထုတ်ကုန်တွေမှာ ပိုးသတ်ဆေးတွေ မသုံးထားဘူးလို့ Eat Just က ဆိုပါတယ်။ ဘေးအန္တရာယ်ကင်းမှု စမ်းသပ်စစ်ဆေးချက်တွေအရ ဓာတ်ခွဲခန်းထုတ် ကြက်သား (lab-grown or cultured chicken) ဟာ ဘေးအန္တရာယ်ရှိနိုင်မှု အလွန်နည်းပါးကြောင်းနဲ့ ရိုးရိုးကြက်သားထက် သိသာစွာ ပိုမိုစင်ကြယ်သန့်ရှင်းကြောင်း Eat Just က ပြောပါတယ်။

(အပင်အခြေခံ ကြက်ဥအစားထိုးထုတ်ကုန်) (Photo: Eat Just)

လေ့လာဆန်းစစ်မှုတွေအရလည်း ဓာတ်ခွဲခန်းထုတ် ကြက်သားက ပရိုတိန်းဓာတ်ပြည့်ဝခြင်း၊ အမိုင်နိုအက်ဆစ်ပါဝင်ခြင်း၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ Eat Just ရဲ့ ဓာတ်ခွဲခန်းထုတ် ကြက်သားကို Singapore Polytechnic နဲ့ Enterprise Singapore တို့ ပူးပေါင်းဆောင်ရွက်တဲ့ Food Innovation and Resource Centre အစားအစာဆိုင်ရာ သုတေသနဌာနမှာ ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Eat Just ကုမ္ပဏီက Proterra Investment Partners Asia ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန် အပင်-ပရိုတိန်း (plant-protein) စက်ရုံတစ်ရုံ တည်ဆောက်သွားမယ်လို့ အောက်တိုဘာလအတွင်း ကြေညာခဲ့ပါတယ်။ ထိုစက်ရုံဟာ အာရှဒေသမှာ Eat Just ရဲ့ ပထမဆုံး စက်ရုံဖြစ်လာမယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က