အနာဂါတ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်လာမယ့် Uber Elevate မိုးပျံတက္ကစီစီးပွားရေးကို ရောင်းချသွားဖို့ Uber အနေနဲ့ သဘောတူလိုက်တယ်လို့ ဆိုပါတယ်။
Axios သတင်းအရ Uber Elevate ကို လျှို့ဝှက် startup လုပ်ငန်းတစ်ခုဖြစ်တဲ့ Joby Aviation ဆီ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ Uber CEO ဒါရာခေါ့စရော့စ်ရှဟီးဟာ ငွေကြေးအရ ဆုံးရှုံးမှုများတဲ့ စီးပွားရေးလုပ်ငန်းကို ရောင်းချမှုအပါအဝင် ကုမ္ပဏီအကျိုးအမြတ် ထွက်လာအောင် ကြိုးပမ်းနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Photo: TechSpot
Uber ဟာ ၂၀၁၆ ခုနှစ်ထဲမှာ လျှပ်စစ်မိုးပျံတက္ကစီကွန်ရက်တစ်ခု ဖြန့်ကြက်ဖို့ အစီအစဉ်တစ်ရပ််အကြောင်းကို ပထမဆုံး ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တွက်ချက်မှုအရ ၂ နာရီ ၁၂ မိနစ်ခန့် ကြာတဲ့ ဆန်ဖရန်စစ္စကိုကနေ ဆန်ဟိုဆေးခရီးကို မိုးပျံကားနဲ့ ၁၅ မိနစ်အတွင်း အရောက်သွားနိုင်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ Uber ဟာ မက်ဟန်တန်ကနေ ဂျွန်အက်ဖ်ကနေဒီနိုင်ငံတကာ လေဆိပ်ကို ပျံသန်တဲ့ ဟယ်လီကော်ပတာခရီးစဉ် စတင်ခဲ့ပါတယ်။ ဒါက Uber ရဲ့ရည်မှန်းချက်ဖြစ်တဲ့ မိုးပျံကားအငှားဝန်ဆောင်မှုမျိုးတော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်တွေဟာ Uber app နဲ့ ပျံသန်းနိုင်မယ့် အတွေ့အကြုံကို စပြီး မြည်းစမ်းကြည့်တာပဲ ဖြစ်ပါတယ်။
Uber Elevate ကို ဝယ်ယူမယ့် Joby Aviation အကြောင်းက လူသိနည်းပါတယ်။ ဒါကြောင့်ပဲ ဒီကုမ္ပဏီကို လျှို့ဝှက် Startup လုပ်ငန်းတစ်ခုလို့ ကင်ပွန်းတပ်ကြတာပါ။ အဓိကလုပ်တာက ထောင်လိုက်အဆင်းအတက် လုပ်နိုင်တဲ့ VTOL ယာဉ်ငယ်လေးတွေ ထုတ်တာပါ။ Uber Elevate အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်လို့ Uber ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခြင်း မရှိပေမယ့် လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အတည်ပြုဖို့ ရှိပါတယ်။