နောက်ထပ် ကလေး မွေးစားဖြစ်တဲ့အကြောင်းပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလမှာ ကလေးမွေးစားဖို့ဆိုတာ အခက်အခဲရှိပေမယ့် ကလေးတွေရဲ့ ဒုက္ခကို မကြည့်ရက်တော့ဘူးလို့ ဆိုပါတယ်။ 

ခိုင်နှင်းဝေကတော့ အခုဆိုရင် “ ရင်သွေးလေးများ ရိပ်မြုံ” အတွက် နောက်ထပ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီဖြစ်ပါတယ်။ ကလေးလေးရဲ့ အကြောင်းကို ကြားပြီး စိတ်မကောင်းဖြစ်နေခဲ့ရတဲ့အကြောင်းကို ခိုင်နှင်းဝေက Duwun ကနေ ပြောပြခဲ့ပါတယ်။ 



“ ဒီကလေးကိုပေးတဲ့ အဘွားက ပြောပြတယ် သူ့အမေက အိမ်ကိုလာပြီး နောက်ဖေးသွားချင်တယ်ပေါ့နော်။ အိမ်သာအဝကို မရောက်ခင်မှာ ကလေးထွက်ကျသွားတယ်။ သူဗိုက်နာတော့ အထဲမှာ စူးစူးလေးဖြစ်တယ်။ အဲဒီတော့ ခြေရင်းအိမ်မှာရှိတဲ့ သူ့သားရဲ့ အိမ်မှာ ကလေးကို သေချာမွေးတယ်။ ပြီးတော့ ဒီကလေးကို ဂုတ်ချိုးသတ်လိုက်ဆိုပြီးတော့ အမေအရင်းကပြောတာ။ အဘွားကလည်း မသတ်နိုင်ဘူးပေါ့။ ဒါဆို အနှီးနဲ့ ထုတ်ပြီး အမှိုက်ပုံမှာ သွားပစ်လိုက်လို့ ပြောတယ်။ ဘယ်လို မိခင်မျိုးလဲဆိုတာ မပြောတတ်ဘူး။ ကလေးကိုလည်း နို့ လုံးဝ မတိုက်သွားတဲ့ အတွက် အဘွားက တစ်ရာတန်နို့မှုန့်လေးတွေ ဝယ်ပြီးတိုက်နေရတာ” လို့ ဆိုပါတယ်။ 

ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ နေရာတွေကို မကြာခဏ အလှူအတန်းတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလို ပရဟိတတွေ လုပ်နေရတဲ့ အချိန်မှာ ကလေးတစ်ယောက်ကို မွေးစားဖို့ဆိုတာ အခက်အခဲတွေ ရှိတယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်။ 

 “ ကလေး ထပ်မွေးစားဖြစ်သွားတာကလည်း အမှန်တကယ် ဒုက္ခရောက်နေတဲ့ ကလေးဆိုရင် အစ်မ မနေနိုင်ဘူး။ အစ်မမှာလည်း ကလေး (၃၇) ယောက်ရှိတဲ့အတွက် ကလေးငိုသံကို အစ်မ မခံစားနိုင်ဘူး။ ကလေးတစ်ယောက် ဒုက္ခရောက်တယ်ဆိုရင် အစ်မက ကယ်ဖို့ အဆင်သင့်ပဲ။ အမှန်အကန် တကယ် ဒုက္ခရောက်ဖို့တော့လိုတယ်။ ကိုဗစ်ကာလမှာ ကလေးတစ်ယောက်မွေးစားဖို့ဆိုတာ အစ်မအတွက် အရမ်းခက်ခဲပါတယ်။ အစ်မအလုပ်က (၇) ရက်သားသမီးကို ကယ်တင်တဲ့သူဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဒုက္ခထက် ကလေးတွေရဲ့ ဒုက္ခကို ပိုပြီးတော့ ဦးစားပေးတယ်”လို့ ဆိုပါတယ်။ 

ခိုင်နှင်းဝေကိုယ်တိုင် ဦးစီးတဲ့ "ရင်သွေးလေးများ ရိပ်မြုံ" ဂေဟာမှာ ကလေးဦးရေ (၃၈) ယောက်ရှိပြီဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က