အရှေ့တောင်အာရှရဲ့ အကြီးဆုံးအင်တာနက်လုပ်ငန်းကြီးနှစ်ခု စီးပွားရေးလုပ်ငန်းပူးပေါင်းမှုကို မြင်တွေ့ရဖို့ ရှိပါတယ်။
Grab Holdings Inc နဲ့ Gojek တို့ဟာ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဖို့ သဘောတူညီမှု လုပ်ဆောင်ရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရနေတယ်လို့ သတင်းအရင်းအမြစ်တွေက Bangkok Post ကို ပြောပြပါတယ်။ အရှေ့တောင်အာရှရဲ့ တန်ဖိုးအကြီးဆုံး Startup နှစ်ခုရဲ့ ပူးပေါင်းမှု အထမြောက်ဖို့ ဆက်လက်ညှိနှိုင်းစရာတွေ ရှိသေးတယ်လို့လည်း ဆိုပါတယ်။
Photo: bangkokpost
နောက်ဆုံးအဆင့်အသေးစိတ်အချက်အလက်တွေ ကိုတော့ ကုမ္ပဏီအသီးသီးရဲ့ Senior အကျဆုံး ခေါင်းဆောင်တွေနဲ့ Grab ရဲ့ အဓိကရင်းနှီးမြှပ်နှံသူတစ်ဦးဖြစ်တဲ့ SoftBank Group Corp ရဲ့ CEO မာဆာယောရှီဆွန် တို့ ပူးပေါင်းပြီး ညှိနှိုင်းဖြေရှင်းနေတာပါ။ တကယ်လို့ ပူးပေါင်းပြီးသွားရင်တော့ Grab ပူးတွဲတည်ထောင်သူ အန်တိုနီတန်ဟာ လုပ်ငန်းနှစ်ရပ်ပေါင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာဖို့ ရှိပါတယ်။
Gojek အမှုဆောင်တွေကတော့ Gojek Brand အောက် အင်ဒိုနီးရှားမှာရှိတဲ့ ပေါင်းစည်းထားတဲ့ စီးပွားရေးလုပ်ငန်းသစ်ကို လုပ်ကိုင်သွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ လုပ်ငန်းနှစ်ခုအနေနဲ့ ကာလတိုးမြင့်ပြီး သီးသန့်လည်ပတ်ဖို့လည်း ရှိပြီး နောက်ဆုံးမှာ လုပ်ငန်းပူးပေါင်းမှုကနေ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းသွားဖို့ မျှော်မှန်းထားတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Photo: Mime Asia
Grab ၊ Gojek နဲ့ SoftBank ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။ Grab နဲ့ Gojek တို့ ပူးပေါင်းမှုအတွက် အစိုးရရဲ့ ဥပဒေကြောင်းအရ ထောက်ခံချက်တွေလိုအပ်မှာပါ။ ဒီလုပ်ငန်းကြီးနှစ်ခုဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ဦးဆောင်နေတဲ့ Ride-Hailing ကုမ္ပဏီနှစ်ခု ဖြစ်လို့ လုပ်ငန်းပူးပေါင်းမှုဟာ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို ဦးတည်သွားမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
စင်ကာပူအခြေစိုက် Grab ဟာ နိုင်ငံ ၈ နိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပြီး ကာလတန်ဖိုး ဒေါ်လာ ၁၄ ဘီလျံကျော် တန်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Gojek ကတော့ အင်ဒိုနီးရှား ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ထိုင်းနဲ့ ဗီယက်နမ်မှာ ဝန်ဆောင်မှုပေးနေပြီး ဒေါ်လာ ၁၀ ဘီလျံတန်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။