လူမင်းကတော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အကယ်ဒမီဆုရ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။
Photo: Lu Min
လူမင်းဟာ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် သရုပ်ဆောင် အလုပ်သာမက ဒါရိုက်တာ အလုပ်ကိုပါ ရူးသွပ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရိုက်ကူးခဲ့တဲ့ “ ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကား၊ “ နို့ ဘီလူး” ရုပ်ရှင်ဇာတ်ကားတို့နဲ့လည်း ဆုတွေ ရရှိထားပါတယ်။ ဒီဆုတွေကြောင့်လည်း ဒါရိုက်တာ တစ်ယောက်အဖြစ် ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်လာတယ်လို့ Duwun ကို ပြောပါတယ်။
“ အရင်တုန်းကကျတော့ သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ ဆုတွေ တစ်ဆုပြီးတစ်ဆု ရချင်တဲ့ စိတ်လည်းရှိတယ်။ သရုပ်ဆောင် အလုပ်ကိုလည်း ရူးသွပ်လွန်းတော့ အရမ်းကြိုးစားခဲ့တယ်။ မင်းသား တစ်ယောက် အဖြစ် ကင်မရာအရှေ့မှာ သရုပ်ဆောင်တာတွေလည်း များလာတော့ ကင်မရာနောက်ကွယ်ကနေ တစ်ကားလုံးကို ဖန်တီးရတဲ့ ဒါရိုက်တာ နေရာကို ပိုပြီးရင်ခုန်လာတယ်။ အဲဒါကြောင့်လည်း ရုပ်ရှင် တစ်ကားပြီး တစ်ကား ရိုက်လာတာပါ။ အခုလို ပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေက ဆုချီးမြှင့်တာတွေ ရခဲ့တော့ ရှေ့ဆက်ရိုက်မယ့် ဇာတ်ကားတွေ အတွက် အားရှိလာတယ်၊ ဒါရိုက်တာအလုပ်ကို ယုံကြည်မှု ရှိလာတယ်” လို့ သူက ဆိုပါတယ်။
Photo: Lu Min
လူမင်းဟာ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်ကတည်းက ဒါရိုက်တာ တစ်ယောက်ဖြစ်လာဖို့အတွက် ရိုက်ကွင်း နဲ့ ပတ်သက်ပြီး အောက်ခြေကအစ လိုက်လေ့လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ ဒါရိုက်တာလုပ်ဖို့ဆိုတာ ဟိုးတုန်းကတည်းက မင်းသားတစ်ယောက်အနေနဲ့ အောင်မြင်စကတည်းက စိတ်ကူးရှိခဲ့တာပါ။ အမှန်အတိုင်းပြောရရင် သရုပ်ဆောင် မလုပ်ခင်ကတည်းက အကုန်လုံးကို ဝါသနာပါတာ ရိုက်ကွင်းပေါ်ရောက်ပြီဆိုတာနဲ့ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းကအစ၊ ပြီးတော့ ကင်မရာချောင်းတာက အစ လိုက်ပြီးတော့ လေ့လာခဲ့တာ။ တစ်နေ့မှာ ဒါရိုက်တာလုပ်မယ်ဆိုတာတော့ နဂိုကတည်းက ရည်ရွယ်ချက် ရှိဖူးပြီးသား။ ကျန်စစ်မင်း ဇာတ်ကားရိုက်ခဲ့တုန်းကလည်း အဲဒီတုန်းက အနုပညာသက်တမ်းက နုသေးတယ်၊ အခုချိန်မှာတော့ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်တာ များပါတယ်။ အဲဒါနဲ့ အသက်အရွယ်အပိုင်းအခြားအရ ဒါရိုက်တာအဖြစ် ခပ်စိတ်စိတ်လေး ရိုက်လာတာများပါတယ်” လို့ ဆိုပါတယ်။
Photo: Lu Min
လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိထားသူပါ။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နို့ ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာ အဖြစ် Druk International film festival (DIFF) ရုပ်ရှင်ဆုပေးပွဲ၊ Calcutta International Cult Film Festival ရုပ်ရှင် ပွဲတော်၊ Calcutta International Cult Film Festival ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆု အသီးသီး ရရှိခဲ့ပြန်ပါသေးတယ်။