ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကုသရေးအတွက် ဆေးရုံတွေနဲ့ စင်တာတွေအပြင် တပ်မတော်ဘက်က နေရာတွေပါပြင်ဆင်ထားပြီး တစ်တိုင်းလုံးအတိုင်းအတာနဲ့ ကုတင်ပေါင်း (၁၃,၀၀၀)ကျော်အထိ လက်ခံကုသပေးနိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။
Photo: MOHS
ဝေဘာဂီအထူးကုဆေးရုံကြီး၊တောင်ဥက္ကလာပဆေးရုံ၊ ဖောင်ကြီး ကိုဗစ်ကုသရေးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးစတဲ့ဆေးရုံတွေ၊ အောင်မြင့်မိုရ်စင်တာ၊ ရိုးမစင်တာ၊ ဧရာဝတီစင်တာ၊ အင်းယားစင်တာ စတဲ့ ကိုဗစ်ကုသရေးစင်တာတွေ အပြင် တပ်မတော်ဘက်က ပြင်ဆင်ထားမှုတွေကြောင့် ကိုဗစ်ကုသရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ (၂၂) နေရာပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
“ကုသရေးစင်တာတွေလည်း အများကြီးရှိပါတယ်။ တပ်မတော်ဘက်မှာ တပ်မတော်အသည်းဆေးရုံကြီးကနေ စပြီးတော့ ချဲ့ပြီးတော့ ဆောင်ရွက်နေကြပါတယ်။ အားလုံးဆိုရင် ဝင်ဆံ့တာ ကုတင်ပေါင်း (၁၃,၀၀၀) ကျာ်လောက်အထိ လက်ခံကုသပေးနိုင်ပါတယ်။ အမြဲတမ်းလည်း ဒီနေရာတွေမှာကုတင်လွတ်နေတာတွေ ရှိပါတယ်” လို့ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က Duwun ကိုပြောပါတယ်။
Photo: MOHS
ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကိုဗစ်ကုသရေးအပိုင်းကို နိုင်နိုင်နင်းနင်းလုပ်ဆောင်နိုင်ပေမယ့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာတော့ အခက်အခဲရှိနေပြီး ပြည်သူလူထုရဲ့ လိုက်ပါဆောင်ရွက်မှု မရှိဘူးဆိုပါက ကူးစက်မှုတွေက အမြဲတမ်းရှိနေမယ်လို့လည်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကဆိုပါတယ်။
"လက်ရှိအနေအထားက တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ တစ်နေ့ကို (၁,၄၀၀) ပတ်ဝန်းကျင်ထွက်နေတယ်။ ဒါက များတယ်လို့ ယူဆတယ်။ ဒါကို ကျွန်တော်တို့ တော်တော်စိုးရိမ်တယ်။ အဓိကအခက်အခဲက ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုပဲ။ပြည်သူလူထုက လူစုလူဝေးဖြစ်တဲ့နေရာတွေ မသွားနဲ့ဆိုသွားတယ်။ မက်စ်တပ်ဆိုရင် လုံလုံခြုံခြုံမတပ်ဘူး။ အဲဒီလိုဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ထိန်းချုပ်ရခက်တယ်။ အခုလည်းမထိန်းနိုင်ဘူးလို့ မပြောဘူး။ အခုလည်းထိန်းနိုင်တယ်။ ဒါပေမယ့် ပြည်သူက ဂရုစိုက်လာရင် ပိုပြီးတော့ ထိန်းနိုင်မယ်” လို့ ဝန်ကြီး ဦးနိုင်ငံလင်းက ဆိုပါတယ်။
Photo: MOHS
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေအတိုင်းနိုင်ငံတကာနည်းတူ ဆောင်ရွက်ထားပြီး ပြည်သူတွေအနေနဲ့ အိမ်ထဲမှာ နှစ်ပတ်ခန့်သာနေပါက ရောဂါကိုထိန်းချုပ်သွားနိုင်မယ်လို့လည်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောထားပါတယ်။