လူရွှင်တော် ငြိမ်းချမ်းကတော့ မျက်နှာတစ်ခြမ်း လေဖြန်းသွားတာကြောင့် လက်ရှိ ဆေးကုသမှုခံယူနေတဲ့ အခြေအနေကို အခုလို ပြောပြလာပါတယ်။
Photo: Nyein Chan
လူရွှင်တော် ငြိမ်းချမ်းဟာ လက်ရှိမှာ ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီလို လေဖြန်းသွားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ငြိမ်းချမ်းက Duwun ကို ပြောပြခဲ့ပါတယ်။
“ လပြည့်နေ့တုန်းက ဦးတို့ ချွန်တွန်းအဖွဲ့က ဘုရားကိုမနက်(၆) နာရီလောက်အရောက်သွားကြမယ်ဆိုတော့ ဦးက မနက်အိပ်ရာထရင် ရေချိုးတတ်တဲ့အကျင့်ရှိတယ်၊ ဘုရားလည်းသွားမှာဆိုတော့ သန့်သန့်ရှင်းရှင်းဖြစ်အောင် ရေချိုးလိုက်တယ်၊ ဘုရားက ပြန်လာပြီးတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။ အဲဒီမှာ ဒန်ပေါက်တော့ နည်းနည်းစားခဲ့တယ်။ သွေးတိုး၊ ဆီးချို ဘာမှလည်း မရှိတဲ့အပြင် အရင်တုန်းကလည်း ဒန်ပေါက်စားနေကြ ဘာမှ မဖြစ်ဘူး။ အရက်တို့၊ ကွမ်းတို့လည်း ဦးက မစားဘူး။ ဒန်ပေါက်ဆိုလည်း ဦးက တစ်ပွဲတောင် မကုန်ပါဘူး ကြက်သားဆိုလည်း တစ်ဖဲ့လောက်ပဲ စားဖြစ်ခဲ့တာ။ ညနေ အိမ်ပြန်ရောက်တော့ ပါးစပ်တစ်ခြမ်းက စကားပြောရတာ တစ်မျိုးကြီးပဲပေါ့။ အရင်တုန်းက ဦးက လည်ချောင်းက အဆီအကြိတ်ဖုကို ခွဲဖူးတယ်။ အဲဒီတုန်းက အာရုံကြောထိပြီး ပါးစပ်ရွဲ့သွားဖူးတယ်။ အာရုံကြောဆေး သောက်လိုက်တာ ပြန်ကောင်းသွားတယ်။ အခုလည်း လေဖြတ်တယ်ဆိုတာ မသိရသေးပဲ အာရုံကြောဖြစ်တယ်အောက်မေ့ပြီး ဦးနှောက်နဲ့ အာရုံကြော ဆေးရုံကို သွားလိုက်တယ်၊ ဆေးလည်း ပေးလိုက်တယ်။ ရပ်ကွက်ထဲက ဆရာဝန်နဲ့ ညနေပိုင်းတစ်ကြိမ် သွားပြတော့မှ လေဖြန်းသွားတာ ဆိုတာ သိရတာ” လို့ သူက ဆိုပါတယ်။
Photo: Nyein Chan
ငြိမ်းချမ်းရဲ့ ကျန်းမာရေးအခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ကျန်းမာရေးပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းကိုယ်တိုင်ကလည်း သူ့ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
“အခုတော့ မြန်မာဆရာကိုလည်း ပြရတယ်၊ အင်္ဂလိပ်ဆရာကိုလည်း ပြရင်း ဆေးကုသမှု ခံယူနေပါတယ်။ အင်္ဂလိပ်ဆေးခန်းကတော့ အာရုံကြော အားဆေးတွေ ထိုးပေးတယ်။ မြန်မာဆရာကတော့ ထိုးဆေးတွေရော၊ လိမ်းဆေးတွေရော၊ သောက်ဆေးတွေရော ပေးပါတယ်။ မျက်နှာတစ်ခြမ်းလေဖြတ်သွားပေမယ့် နောက်တစ်ခြမ်းနဲ့တော့ စကားပြောလို့ရပါသေးတယ်။ ပရိသတ်ရဲ့ စေတနာ၊ မေတ္တာတွေကြောင့် မကြာခင်မှာ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Nyein Chan
ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ " သောက်မလား ကို့ ... ရေခဲရေ .. ရေခဲရေ" ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။