မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးအတွက် ငွေအား/လူအားအင်တိုက်အားတိုက်ဆောင်ရွက်နေပြီး ဘတ်ဂျတ်သန်းထောင်ချီအကုန်အကျခံသုံးစွဲနေတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
Photo: Dr Zaw Myint Maung Facebook
မန္တလေးတိုင်းအတွင်းမှာ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုပိုမိုများပြားလာပြီးနောက်မှာ ပိုးတွေ့လူနာအရေအတွက် နေ့စဉ် ၂၀၀ဝန်းကျင်တိုးနေသလို ထိတွေ့ဆက်စပ်သူတွေလည်းများလာတဲ့အတွက် ကွာရန်တင်းစင်တာတွေကို အစိုးရအဖွဲ့က အလျှင်အမြန်စီစဉ်နေရပါတယ်။ ကိုဗစ်ကာကွယ်ကုသရေးအတွက် ဘတ်ဂျတ်သုံးစွဲရာမှာ အစိုးရအသုံးစရိတ်အပြင်အလှူရှင်တွေရဲ့ကူညီပံ့ပိုးပေးမှုတွေကလည်းအရေးကြီးတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ၄ရက်နေ့ကပြုလုပ်ခဲ့တဲ့လွှတ်တော်အပြီးမှာ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
Photo: Dr Zaw Myint Maung Facebook
"မန္တလေးရဲ့အားသာချက်က အလှူရှင်ပေါများခြင်းပဲ။ လှူမယ့်သူကအဆင်သင့်ပဲ၊ အခုလည်းတစ်ယောက်က သူပိုင်တဲ့အဆောက်အဦတစ်ခုကို ဆေးရုံလုပ်ဖို့ဆိုပြီးကျွန်တော်နဲ့တွေ့ချင်လို့လှမ်းပြောထားတာရှိတယ်။ ဘတ်ဂျတ်ကတော့ သန်းတစ်ထောင်လောက်တော့ကျန်ဦးမယ်။" လို့ ဒေါက်တာဇော်မြင့်မောင်ကဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၈မြို့နယ်စလုံးကလူနာတွေနဲ့ကွာရန်တင်းဝင်ရောက်နေသူတွေအားလုံးကို အစိုးရစရိတ်နဲ့စိုက်ထုတ်ကူညီပေးနေတာဖြစ်ပြီး တစ်မြို့နယ်ကို စားစရိတ်သီးသန့် တစ်လပျမ်းမျှ သိန်း ၁၀၀ဝန်းကျင်ရှိတယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။
Photo: Dr Zaw Myint Maung Facebook
မန္တလေးမြို့ရဲ့လက်ရှိအနေအထားအရ လူနာဦးရေနေ့စဉ်တိုးနေလို့ ကွာရန်တင်းနေရာအခက်အခဲကိုဖြေရှင်းရန်အတွက်လည်း နေရာတွေတိုးချဲ့ရန်အသင့်ရှိကြောင်းနဲ့ မန္တလေးတိုင်းအထွေထွေဆေးရုံကြီးမှာလည်း ကိုဗစ်ကုသရေးစင်တာကို သီးခြားခွဲထုတ်ရန်လည်း တိုင်းအစိုးရအဖွဲ့ကစီစဉ်လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာအရေအတွက် ပိုမိုများပြားလာတဲ့အတွက် မန္တလေးခရိုင်အတွင်းမြို့နယ်(၇)မြို့နယ်ကို ဒီဇင်ဘာ၅ရက်ကနေ ၁၈ရက်အထိ နှစ်ပတ် Stay at Home နေထိုင်ရန်သတ်မှတ်ထားပြီး စည်းကမ်းဖောက်ဖျက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့အတွက်လည်း မန္တလေးတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။