မင်္ဂလာသတင်းကို ပြောပြခဲ့ပါတယ်။

ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ကတော့ ချစ်သူသက်တမ်းကြာလာတာနဲ့ အမျှ သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးကိုသိချင်နေကြတဲ့ ပရိသတ်တွေအတွက် ဝါဆိုမိုးဦးက အခုလို ပြောပြလာပါတယ်။ 

Photo: Warso Moe Oo



အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ စုံတွဲ တစ်တွဲဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ သူတို့ရဲ့ မင်္ဂလာသတင်းကို ပရိသတ်တွေ သိအောင် ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ နောက် (၃) နှစ်နေရင်တော့ သူတို့ရဲ့ မင်္ဂလာသတင်းကို အသိပေးသွားမယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ နောက်လဆိုရင် ဝါဆိုတို့ ချစ်သူသက်တမ်း (၅) နှစ်ပြည့်ပြီ။ တစ်ယောက်အကြောင်း တစ်ယောက်ကလည်း အရမ်းသိနေပြီ အဓိက က သူငယ်ချင်းလိုလည်းဖြစ်တယ်၊ မောင်နှမတွေလိုလည်း ဖြစ်သွားတာ ပါတယ်။ ဝါဆိုတို့ရဲ့ မင်္ဂလာသတင်းက လိုပါသေးတယ် နောက်ထပ် (၃) နှစ်လောက်ပေါ့။ အခုက ကိုဗစ်တွေလည်းဖြစ်နေတော့ အလုပ်တွေကလည်း လုပ်ရလိုက်၊ မလုပ်ရလိုက်ပါပဲ။ ပြီးတော့ ၂၀၂၀ မှာ မင်္ဂလာပွဲတော်တော်များများကလည်း မလုပ်လိုက်ရတာတွေရှိတယ်။ အခက်အခဲတွေဖြစ်ပြီး ရွှေ့လိုက်ရတာတွေလည်း တွေ့နေရတယ်။ ကိုယ်တွေရဲ့ မင်္ဂလာပွဲကတော့ မလာသေးပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Warso Moe Oo

လက်ရှိမှာတော့ ဖြိုးလေးကလည်း ဂီတအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်နေသလို ဝါဆိုမိုးဦးကလည်း သူဝါသနာပါတဲ့ စီးပွားရေးနဲ့ အနုပညာအလုပ်တွေကို လုပ်နေတာ တွေ့ရပါတယ်။ သူတို့ နှစ်ဦးရဲ့ ချစ်ခရီးလမ်းကိုလည်း အေးအေးချမ်းချမ်းလေးဖြတ်သန်းသွားဖို့ စိတ်ကူးထားတယ်လို့ ဝါဆိုမိုးဦးက ဆိုပါတယ်။ 

“ အခုချိန်မှာ ရန်တွေဖြစ်ဖို့ထက် နှစ်ယောက်စလုံးက ရှိသင့်တဲ့ အရွယ်တစ်ခုကိုလည်း ရောက်နေကြပြီဆိုတော့ အလုပ်ကိုပဲ ဦးစားပိုပေးဖြစ်တယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တိုင်ပင်တယ်၊ နှစ်ယောက်စလုံး ပုံစံတူတာက လွတ်လပ်မှုကို ပိုကြိုက်တယ်၊ ဟန်ဆောင်တာ မကြိုက်ဘူး။ မိသားစုတွေနဲ့ပဲ နေတာများတယ်။ စိတ်တူကိုယ်တူဖြစ်မယ့် သူငယ်ချင်းတွေလည်း ရှိတယ်။ အဓိက ကတော့ ဘဝကို အေးအေးချမ်းချမ်းလေးပဲဖြတ်သန်းချင်တယ်” လို့ ဆိုပါတယ်။ 

Photo: Warso Moe Oo

ဝါဆိုမိုးဦးကတော့ သရုပ်ဆောင်အလုပ်ကို ငယ်ငယ်လေးကတည်းက လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူပါ။ လက်ရှိမှာလည်း အနုပညာလောကထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ညီမငယ်လေး သင်ဇာ ကိုလည်း အနုပညာအလုပ်တွေ သင်ကြားပေးနေတာ တွေ့ရပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က