အုပ်စိုးခန့်ကတော့ နေခြည်ဦးရဲ့ ဆုံးမစကားတွေထဲမှာ သူ့အတွက် လေ့လာ မှတ်သားစရာတွေ ရှိခဲ့တဲ့ အကြောင်းပြောပြခဲ့ပါတယ်။
Photo: Oak Soe Khant
အုပ်စိုးခန့်ကတော့ နေခြည်ဦးနဲ့အတူ “ အိပ်မက်တွေ မိုးထားတဲ့အိမ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် တစ်ယောက်နဲ့ တစ်ယောက် မောင်နှမသဖွယ် ရင်းနှီးချစ်ခင်လာတဲ့အကြောင်းကို Duwun ကနေ ပြောပြခဲ့ပါတယ်။
“ အစ်မက အရမ်းချစ်ဖို့ကောင်းပါတယ်။ တစ်ခုခုဆို ကျွန်တော့်ကို ဆုံးမတယ်။ အနုပညာသမားအချင်းချင်း ဆိုတာထက် အပြင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း သူ ကျွန်တော့်ကို ကောင်းမွန်အောင် လမ်းညွှန်ပေးတာ တွေရှိတယ်၊ သင်ပြပေးတာတွေရှိတယ်။ အနုပညာအလုပ်ဆိုတာထက် အစစအရာရာပေါ့နော်။ အစ်မက သွန်သင်ဆုံးမပေးလိုက်တဲ့အရာတွေက ကျွန်တော့်အတွက် နေပုံထိုင်ပုံတွေက အစ လေ့လာစရာ၊ သင်ယူစရာ တစ်ခုပါ” လို့ ဆိုပါတယ်။
Photo: Amazing Grace
အုပ်စိုးခန့်ဟာ သရုပ်ဆောင် လောကနဲ့ အနေစိမ်းသူဖြစ်တာကြောင့် ပထမဆုံးရိုက်ကွင်းမှာတင် စိုးရိမ်စိတ်တွေ ရှိနေခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နေခြည်ဦးဆီက အားပေးစကားကို ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံး ဇာတ်လမ်းတွဲ ရိုက်မယ်ဆိုတော့ အဲဒီမတိုင်ခင် သူက ကျွန်တော့်ကို ဖုန်းဆက်တယ်၊ နင်မကြောက်နဲ့ အေးအေးဆေးဆေးပဲ ဘာမှ မဖြစ်ဘူးပေါ့။ အဲဒီတုန်းကဆိုရင် ကျွန်တော်ကလည်း အကုန်ကြောက်တဲ့သူ ဒါရိုက်တာရော၊ ရိုက်ကူးရေးသမားတွေရော အကုန်လုံးကို ကြောက်တာ။ ကျွန်တော်ကလည်း သူတို့နဲ့ မမြင်ဖူး၊ မသိဖူးတော့ ကြောက်တာပါ။ နောက်ပိုင်းကျတော့ ဒါရိုက်တာ မပွင့်တို့ နောက်ထပ် သရုပ်ဆောင်ကြီးတွေကလည်း ကျွန်တော့်ကို သေချာ သင်ပြပေးတယ်၊ ကြောက်လည်း မကြောက်ရတော့ဘူး” လို့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။
Photo: Oak Soe Khant
အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။ သူဟာ Shwe FM က ဆုချီးမြှင့်တဲ့ "၂၀၁၉ ခုနှစ်အတွက် အောင်မြင်ဆုံး မျက်နှာသစ် အနုပညာရှင်" ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူဟာဂီတအလုပ်ကိုသာမက သရုပ်ဆောင် အလုပ်ကိုပါ ဆောင်ရွက်လာပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။" အိပ်မက်တွေ မိုးထားတဲ့ အိမ်" ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။