တရုတ်နိုင်ငံ ကျောက်မီးသွင်းတစ်ခုရဲ့ မြေအောက်နေရာမှာ ကာဗွန်မိုနော့ဆိုက် ပမာဏမြင့်တက်ပြီး ပိတ်မိခဲ့မှုကြောင့် သေဆုံးသူ ၂၃ ဦးရှိလာကြောင်း အစိုးရသတင်းဌာန Xinhua က ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။
(Photo: Huang Wei/Xinhua via AP)
တရုတ်အနောက်တောင်ပိုင်း ချုံကင်းမြို့ရှိ Diaoshuidong ကျောက်မီးသွေးတွင်းရဲ့ မြေအောက်နေရာမှာ ကာဗွန်မိုနော့ဆိုက် (carbon monoxide) ပမာဏ မြင့်တက်ပြီး လူ ၂၄ ဦး ပိတ်မိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသမှာ နှစ်လကျော်မျှအတွင်း ယခုကဲ့သို့ ကျောက်မီးသွေးတွင်း မတော်တဆမှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
မြေအောက်မှာ ပိတ်မိခဲ့သူတွေအနက် နာရီ ၃၀ ကျော်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီးနောက် အသက်ရှင်သူတစ်ဦးသာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်မှာ ကျောက်မီးသွေးတွင်း မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ယခု ကျောက်မီးသွေးတွင်းကို ပိတ်ထားခဲ့တာ နှစ်လကျော်ကြာပြီးဖြစ်ကြောင်းနဲ့ မြေအောက်မှ ပစ္စည်းကိရိယာတွေကို ဖြုတ်သိမ်းနေခဲ့စဥ် ယခုမတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ကျောက်မီးသွေးတွင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
(Photo: Xinhua)
Diaoshuidong ကျောက်မီးသွေးတွင်းကို ၁၉၇၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှစတင်ကာ ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ထိုကျောက်မီးသွေးတွင်းမှ နှစ်စဥ် ကျောက်မီးသွေးတန်ချိန် ၁၂၀,၀၀၀ တူးဖော်ထုတ်လုပ်နိုင်တယ်လို့ Xinhua က ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က အဆိုပါ ကျောက်မီးသွေးတွင်းမှာ ဟိုက်ဒရိုဂျင်ဆာလ်ဖိတ် (hydrogen sulphide) အဆိပ်သင့်မှုကြောင့် လူသုံးဦး သေဆုံးပြီး နှစ်ဦး ဆေးကုသမှုခံယူခဲ့ပါတယ်။
ကျောက်မီးသွေးတွင်းတွေမှာ ကြီးမားတဲ့ မတော်တဆမှုများ ဖြစ်ပွားမှုကို ထိထိရောက်ရောက် တားဆီးရန် တိကျပြတ်သားတဲ့ အစီအမံများ သတ်မှတ်ဆောင်ရွက်ရန် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တရုတ်အစိုးရက ယမန်နေ့မှာ ညွှန်ကြားခဲ့ကြောင်း Ministry of Emergency Management ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။
(Photo: Getty Images)
တရုတ်နိုင်ငံတော်ကောင်စီမှ တာဝန်ရှိသူတွေက ချုံကင်းအာဏာပိုင်တွေကို ကျောက်မီးသွေးတွင်းများ ဘေးကင်းလုံခြုံရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ပါတယ်။ တရုတ်ရဲ့ မိုင်းတွင်းတွေဟာ ကမ္ဘာမှာ လူသေဆုံးမှု အများဆုံးဖြစ်ပွားတဲ့ မိုင်းတွင်းတွေထဲမှာ ပါဝင်နေပါတယ်။ စက်တင်ဘာလနှောင်းပိုင်းကလည်း ချုံကင်းမြို့ရှိ Songzao ကျောက်မီးသွေးတွင်းမှာ ကာဗွန်မိုနော့ဆိုက်ပမာဏ မြင့်တက်ပြီး အဆိပ်သင့်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။