အင်ဒိုနီးရှားအစိုးရရဲ့ လူမှုဖူလုံရေးဝန်ကြီးကို COVID-19 ကပ်ရောဂါကြောင့် အကူအညီ လိုအပ်နေသူတွေအတွက် အစားအစာ ကူညီထောက်ပံ့မှုများ စီစဥ်ရာမှာ လာဘ်စားမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။
(ရှာဖွေတွေ့ရှိသည့်ငွေများ) (Photo: EPA)
အင်ဒိုနီးရှား လူမှုဖူလုံရေးဝန်ကြီး ဂျူလီယာရီ ဘာတူဘာရာ (Juliari Batubara) ဟာ လိုအပ်နေသူတွေကိုပေးရန် အစားအစာပါဆယ်ထုပ်များ ထောက်ပံ့ပေးတဲ့ ကန်ထရိုက်များထံမှ ငွေယူခဲ့မှုဖြင့် တရားစွဲခံရတာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရာရှိတွေက ဒီဇင်ဘာ ၅ ရက်နေ့မှာ စီးနင်းရှာဖွေမှုအတွင်း ခရီးဆောင်သေတ္တာတွေနဲ့ အခြား ထည့်စရာတွေထဲမှာ ထည့်သိမ်းထားတဲ့ အင်ဒိုနီးရှား rupiah ငွေ ၁၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ သန်း) ကို တွေ့ရှိခဲ့ပြီး သံသယရှိသူ လေးဦးကို ဖမ်းဆီးခဲ့ပါတယ်။
လူမှုဖူလုံရေးဝန်ကြီး ဂျူလီယာရီကတော့ ဒီဇင်ဘာ ၆ ရက်နေ့မှာ လာရောက်အဖမ်းခံခဲ့တယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ "ငွေတွေကို ခရီးဆောင်သေတ္တာ ခုနစ်လုံး၊ ကျောပိုးအိတ် သုံးလုံးနဲ့ စာအိတ်တွေထဲမှာ ထည့်သိမ်းထားခဲ့တယ်" လို့ အင်ဒိုနီးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission - KPK) အကြီးအကဲ ဖာလီဘာဟူရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
(ဒီဇင်ဘာ ၆ ရက်နေ့က KPK ရုံးချုပ်မှာတွေ့ရသည့် ဝန်ကြီးဂျူလီယာရီ) (Photo: Reuters)
ဝန်ကြီးဂျူလီယာရီက ကန်ထရိုက်နှစ်ဦးထံကနေ အစားအစာပါဆယ်တစ်ထုပ်လျှင် အင်ဒိုနီးရှား rupiah ငွေ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၀.၇၁) တရားမဝင် လက်ခံရယူခဲ့ကြောင်း အရာရှိတွေက ပြောခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ လူမှုဖူလုံရေးဝန်ကြီး ဂျူလီယာရီဟာ ယခုအမှုမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ပြီး ငွေဒဏ် အင်ဒိုနီးရှား rupiah ငွေ တစ်ဘီလီယံ ပေးဆောင်ရနိုင်ကြောင်း သိရပါတယ်။
စီးနင်းရှာဖွေမှုအတွင်း ဖမ်းဆီးခဲ့သူတွေဟာ အစိုးရဝန်ထမ်းနှစ်ဦးနဲ့ အရပ်သားနှစ်ဦးဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အကြီးအကဲက အတည်ပြုခဲ့ပါတယ်။ သမ္မတဂျိုကိုဝီဒိုဒိုကတော့ ၎င်းအနေနဲ့ ဝန်ကြီးတွေက အဂတိလိုက်စားမှု ရှောင်ကြဥ်ကြရန် ထပ်တလဲလဲ သတိပေးခဲ့ကြောင်းနဲ့ ထိုသို့ ကျူးလွန်သူတွေကို ကာကွယ်ပေးသွားမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။
(၂၀၁၉ ခုနှစ်အတွင်း သမ္မတဂျိုကိုဝီနှင့်အတူတွေ့ရသည့် ဝန်ကြီးဂျူလီယာရီ) (Photo: Getty Images)
"ဒါတွေက ပြည်သူလူထုရဲ့ ငွေတွေပါ၊ ဒါက COVID-19 ကာလထဲမှာ အရေးတကြီး လိုအပ်နေတဲ့ အကူအညီဖြစ်ပြီး စီးပွားရေးနာလန်ပြန်ထူဖို့အတွက်ပါ" လို့ ဂျိုကိုဝီက ဆိုပါတယ်။ ခရီးသွားလုပ်ငန်းကို ကြီးမားစွာ မှီခိုအားထားနေရတဲ့ အင်ဒိုနီးရှားဟာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အဆိုးဆုံးကြုံခဲ့ရပြီး အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
အင်ဒိုနီးရှာအစိုးရက ကပ်ရောဂါကာလအတွင်း အစားအစာပါကင်ထုပ်များကဲ့သို့ အကူအညီအစီအစဥ်များဖြင့် လိုအပ်နေသူတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ COVID-19 ကြောင့် အင်ဒိုနီးရှားမှာ လူဦးရေ ၃.၅ သန်း အလုပ်အကိုင် ဆုံးရှုံးရနိုင်ကြောင်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့လမှာတော့ အင်ဒိုနီးရှားဟာ ကပ်ရောဂါဂယက်ကြောင့် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။