ရူဒီဟာ ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေနဲ့ အတွင်းစည်းမှ လူတစ်ဦးဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေနဲ့ အတွင်းစည်းမှလူတစ်ဦးဖြစ်သူ ရူဒီဂူလီယာနီထံမှာ COVID-19 ကူးစက်ခံရမှု တွေ့ရှိရပြီး ဆေးရုံမှာ ကုသမှုခံယူနေကြောင်း သိရပါတယ်။

(Photo: Reuters)

သမ္မတထရန့်က "အမြန်နေကောင်းပါစေ ရူဒီ၊ ငါတို့ လုပ်စရာတွေ ဆက်လုပ်ကြမယ်" Twitter မှာ ဒီဇင်ဘာ ၆ ရက်နေ့က ရေးသားထားခဲ့ပါတယ်။ ရှေ့နေရူဒီကလည်း ၎င်းအတွက် ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း၊ ကောင်းမွန်တဲ့ စောင့်ရှောက်ကုသမှုရရှိနေပြီး နေလို့ကောင်းကြောင်းနဲ့ အလျင်အမြန် ပြန်လည်သက်သာလာနေကြောင်း Twitter မှာ ပြောခဲ့ပါတယ်။



အသက် ၇၆ နှစ်အရွယ် နယူးယော့ခ်မြို့တော်ဝန်ဟောင်း ရူဒီဟာ COVID-19 ကူးစက်ခံရပါက အန္တရာယ်ရှိတဲ့ အသက်အရွယ်အုပ်စုမှာ ပါဝင်နေကြောင်းနဲ့ ယမန်နေ့က ဝါရှင်တန်မှာ ဆေးရုံတက်ခဲ့ရကြောင်း New York Times နဲ့ ABC သတင်းတွေက ဖော်ပြပါတယ်။ ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ပြုလုပ်ခဲ့ရာ ရှေ့နေရူဒီက ဦးဆောင်ခဲ့ပါတယ်။ ရူဒီဟာ သမ္မတထရန့်နဲ့ နီးကပ်သူတွေထဲမှာ COVID-19 ကူးစက်ခံရတဲ့ နောက်ဆုံးတစ်ဦး ဖြစ်လာပါတယ်။

(Photo: Carolyn Kaster/AP)

အမေရိကန်သမ္မတအိမ်ဖြူတော်မှာ အလုပ်လုပ်ကိုင်နေတဲ့ ရူဒီရဲ့ သားဖြစ်သူ အန်ဒရူးဂူလီယာနီဟာလည်း ပြီးခဲ့တဲ့လအတွင်း ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။ ၎င်းရဲ့ဖခင်ဟာ အနားယူနေကြောင်း၊ ကောင်းမွန်တဲ့ စောင့်ရှောက်ကုသမှုရရှိနေကြောင်းနဲ့ နေကောင်းကြောင်း အန်ဒရူးက Twitter မှာ ပြောထားပါတယ်။ ထရန့်ရဲ့ရှေ့နေ ရူဒီဟာ COVID-19 ရောဂါလက္ခဏာများ ပြသခြင်းရှိ မရှိ သို့မဟုတ် မည်သည့်အချိန်မှာ ကူးစက်ခံခဲ့ရကြောင်းကို အတိအကျ မသိရသေးဘူးလို့ BBC က ဖော်ပြပါတယ်။

အမေရိကန်မှာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှာ နေရာအများစုကို တင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်နေပါတယ်။ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၅ သန်းကျော်နဲ့ သေဆုံးသူ ၂၈၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က