G Fatt ကတော့ ကိုဗစ်ကာလမှာ ဖြတ်သန်းရမယ့် သူ့ရဲ့ မွေးနေ့ အစီအစဉ်လေးကို အခုလို ပြောပြခဲ့ပါတယ်။
Photo: G Fatt
အဆိုတော် G Fatt ကတော့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ အစီအစဉ်ကို ပရိသတ်တွေ သိအောင်ပြောပြလာပါတယ်။ ကိုဗစ်ကာလမှာ ဖြတ်သန်းရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေကို လွမ်းနေတော့မယ်လို့ Duwun ကနေ ပြောခဲ့ပါတယ်။
“ မွေးနေ့ဆိုရင်တော့ ပုံမှန်အတိုင်း ကျွန်တော်က Fan Meeting လုပ်ရင် လုပ်တယ်၊ မလုပ်ရင် ဖျော်ဖြေပွဲမှာ သီချင်းဆိုတာ များတယ်။ ဒီနှစ်ကျတော့ အဲဒါတွေ ဘာမှ မလုပ်ရတော့ ပရိသတ်တွေကို ကျွန်တော်က လွမ်းနေရတော့မှာပေါ့။ မွေးနေ့က အိမ်မှာပဲ နေဖြစ်ဖို့ များတယ်၊ တခြား ထူးထူးထွေထွေ လုပ်ဖို့တော့ စီစဉ်ထားတာမျိုးမရှိပါဘူး” လို့ သူက ဆိုပါတယ်။
Photo: G Fatt
G Fatt အနေနဲ့ ၂၀၂၀ ခုနှစ်တာကာလ ဖြတ်သန်းခဲ့ရတာတွေကို အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အားရမှုရှိတဲ့ နှစ် တစ်နှစ်ပါလို့လည်း သူက ပြောပါတယ်။
Photo: G Fatt
G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။