အဆိုတော်နိုင်းဝမ်းကတော့ ချစ်သူသက်တမ်း(၁၁) နှစ်အကြာ လက်တွဲလာတဲ့ ချစ်သူလေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
Photo: Ye Hein
အဆိုတော် နိုင်းဝမ်းကတော့ ဒီဇင်ဘာလ (၉) ရက်နေ့ (အမျိုးသားနေ့) မှာ ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော် နဲ့ မင်္ဂလာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးကို ပရိသတ်တွေ သိအောင် အခုလို ကြေညာခဲ့ပါတယ်။
"လက်ထပ်ထိမ်းမြားပြီးစီးခြင်း" ကျွန်တော် မောင်ကျော်ဇင်လတ်(ခ) နိုင်းဝမ်း နှင့် မမေမျိုးသူကျော်တို့သည် ယနေ့ ၉.၁၂.၂၀၂၀ (အမျိုးသားနေ့) တွင် ဒေါ်စိုးခက်ခက်(တရားလွှတ်တော်တရားသူကြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်) နှင့် နှစ်ဘက်သောမိဘဆွေမျိုးများ၏ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လက်ထပ်ပြီးစီးပါကြောင်း ကြေညာအပ်ပါသည်"ဆိုပြီးတော့ ဒီဇင်ဘာလ (၉) ရက်နေ့ ည (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။
Photo: Ye Hein
နိုင်းဝမ်းဟာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို နှစ်ဖက် မိသားစုဝင်တွေနဲ့အတူ အကျဉ်းချုံးသာ လုပ်ခဲ့တယ်လို့လည်း ပြောပြလာပါတယ်။
"ပွဲတက်ရောက်ပေးခဲ့သောနှစ်ဘက်မိသားစုဝင်များအားလည်းကောင်း..ကိုဗစ်ကာလဖြစ်လို့ မိတ်ဆွေသူငယ်ချင်းများအား မင်္ဂလာပွဲသို့ဖိတ်ကြားဖို့မဖြစ်နိုင်ခဲ့သော်လည်း လက်ဖွဲ့ပစ္စည်းများပေးပို့ပေးကြပါသော၊ မင်္ဂလာဆုမွန်ကောင်းတောင်းပေးကြပါသော အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေသင်္ဂဟများနှင့် ချစ်ပရိတ်သတ်များအားလုံးအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းကြေငြာအပ်ပါတယ်ခင်ဗျာ။ချစ်ခင်လေးစားစွာဖြင့် နိုင်းဝမ်း + မေမျိုးသူကျော်"လို့ သူက ဆိုပါတယ်။
Photo: Ye Hein
အဆိုတော်နိုင်းဝမ်းဟာ ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော်နဲ့ ၂၀၀၉ ခုနှစ်၊ ၉လပိုင်း၊ ၇ ရက်နေ့မှာ ချစ်သူ စဖြစ်ခဲ့တာလို့ သိရပါတယ်။ အခုဆိုရင်တော့ အဆိုတော် နိုင်းဝမ်းနဲ့ မမေမျိုးသူကျော်တို့ရဲ့ ချစ်သူသက်တမ်းဟာ (၁၁) နှစ်ပြည့်ပြီး ဖြစ်ပါတယ်။ မမေမျိုးသူကျော်ကို ချစ်သူသက်တမ်း(၆) နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခဲ့တာလို့ နိုင်းဝမ်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နှစ်ဖက်မိဘတွေဆီကနေ တဆင့် တောင်းရမ်းစေ့စပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
Photo: Ye Hein
နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။