ယခုလအတွင်း ကာကွယ်ဆေးထိုးနှံမှုတွေ စတင်နိုင်ရန် မျှော်မှန်းထားတဲ့ အမေရိကန်နိုင်ငံမှာ ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) က COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးသူဦးရေ ပထမဆုံးအကြိမ် ၃,၀၀၀ ကျော်လွန်ခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
အမေရိကန်မှာ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းက ယခုလအတွင်း ခွင့်ပြုချက်ပေးနိုင်ပြီး ထိုးနှံမှုတွေ စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိမှာ အမေရိကန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ကာကွယ်ဆေးနှစ်မျိုးကို ခွင့်ပြုချက်ပေးရန် အရေးပါတဲ့ သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်။
အမေရိကန်မှာ လတ်တလောအတွင်း COVID-19 ကူးစက်မှုနဲ့ ဆေးရုံတက်ရတဲ့ လူနာအရေအတွက်လည်း သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ ကူးစက်ဖြစ်ပွားမှု ဆိုးရွားတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်း အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ ယမန်နေ့က ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း အဓိကအားဖြင့် ကျေးလက်ဒေသတွေမှာ အထူးကြပ်မတ်ကုသဆောင် ကုတင်များပြည့်နေပြီလို့ ပြည်နယ်ကျန်းမာရေး အချက်အလက်တွေကို Reuters သတင်းဌာနက လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။
(Photo: Reuters)
ကယ်လီဖိုးနီးယားရဲ့ စိုက်ပျိုးရေးလုပ်ငန်း အဓိကနေရာဖြစ်တဲ့ Central Valley ရှိ ဆေးရုံတွေမှာ COVID-19 လူနာများဖြင့် ပြည့်နေခဲ့ပါတယ်။ လူဦးရေ ၁ သန်းရှိတဲ့ Fresno ကောင်တီမှာတော့ ယမန်နေ့အထိ အထူးကြပ်မတ်ကုသဆောင်မှာ ကုတင်ခုနစ်ခုသာ နေရာလွတ်ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
အမေရိကန်တစ်ဝန်း ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေဟာ ယမန်နေ့ နှောင်းပိုင်းမှာ ၁၀၅,၈၀၅ ဦးရှိလာခဲ့ပြီး အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဆေးရုံတက်ရသူ အရေအတွက်ဟာ ယခင် သီတင်းနှစ်ပတ်ကထက် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် စာရင်းတွေအရ အမေရိကန်မှာ ပျမ်းမျှအားဖြင့် နေ့စဥ် ကူးစက်ခံရသူ ၂၀၅,၆၆၁ ဦးနဲ့ သေဆုံးသူ ၂,၂၅၉ ဦး တိုးလာနေခဲ့ပါတယ်။
(Photo: Reuters)
ကာကွယ်ဆေးထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်မီ လာမယ့် လများအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာနိုင်ကြောင်း အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ယမန်နေ့ တစ်ရက်တည်း ၃,၁၁၂ ဦးရှိလာခဲ့ပြီး အများဆုံး စံချိန်တင်ခဲ့ကြောင်း Reuters သတင်းဌာနရဲ့ ပြည်နယ်အလိုက် စာရင်းအရ သိရှိရပါတယ်။
ထိုအရေအတွက်ဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ သေဆုံးသူ ၂,၈၆၁ ဦးဖြင့် အများဆုံး စံချိန်တင်ထားမှုကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၅ သန်းကျော်၊ သေဆုံးသူ ၂၈၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၉ သန်းကျော်ရှိခဲ့ပါတယ်။