အလှူလုပ်တာကို ဝေဖန်ခံခဲ့ရတာတွေရှိတယ်။

သရုပ်ဆောင် ဝေလုကတော့မျက်လုံးတုအလှူနဲ့ ပတ်သက်ပြီး အနုပညာလောကထဲမှာ ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Wai Lu



ဝေလုကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ သူကတော့ မျက်လုံးနဲ့ ပတ်သက်ပြီး ဝေဒနာခံစားနေရသူတွေအတွက် မျက်လုံးတု အလှူရှင်တစ်ယောက်အနေနဲ့ ပရဟိတတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီလို မျက်လုံးဝေဒနာခံစားနေသူတွေအတွက် လိုအပ်တဲ့ မျက်လုံးတု အလှူရှင်နဲ့ ဝေဒနာရှင်တွေကို ချိတ်ဆက်ပေးရင်း ကုသိုလ်ယူဖြစ်နေတဲ့အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ကျွန်တော် ကိုယ်ချင်းစာစိတ်လေး တစ်ခုတည်းနဲ့ ကူညီပေးလိုက်တဲ့ အရာက ကျွန်တော့်ရဲ့ ပုခုံးပေါ်ရောက်လာတဲ့ တာဝန် တစ်ခုပါ။ သူတို့လေးတွေရဲ့ ကွက်လပ်လေးတွေကို ဖြည့်ဆည်းပေးရင်း ဖြစ်ပေါ်လာတဲ့ ပီတိလေးနဲ့ ရှေ့ဆက် ကုသိုလ်ယူဖြစ်တာပါ။ အစောပိုင်းတုန်းကတော့ အစ်ကို ကူညီတာ (၄) ယာက်၊ (၅) ယောက်လောက် ဖြစ်လာတဲ့ အချိန်မှာ အလှူရှင်တွေလည်း ဝန်းရံလာတယ်။ ဒီအလှူကို တစိုက်မတ်မတ် နဲ့ ကိုယ့်တာဝန်တစ်ခုလို လုပ်ခဲ့တယ်။ ဒါပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှု မျိုးစုံကတော့ ခံလာရတာပေါ့။ ဒီကောင် ပေါ်ပင်လုပ်တယ်၊ ဒီကောင် နာမည်လိုချင်လို့ ဆိုတာမျိုး၊ ပြီးတော့ ကိုယ့်လောကသား အချင်းချင်းလောင်ပြောင် ခဲ့တာတွေရှိတယ်။ ဒါက ကျွန်တော်တို့လူမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော် ကုသိုလ်ယူလာတာ တစ်နှစ်ကျော်လာပြီ။ ကျွန်တော်နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ ကျွန်တော့်ရဲ့ နှုတ်ဆောင်မခြင်း၊ ကျွန်တော့် လမ်းညွှန်မှု၊ ကျွန်တော့် လုပ်အားနဲ့သော်လည်းကောင်း ကူညီပေးခဲ့တဲ့ လူနာတွေ (၂၀၀) ကျော်ရှိလာပြီ”လို့ သူက ဆိုပါတယ်။ 

Photo: Wai Lu

ဝေလုဟာ လက်ရှိမှာ မျက်လုံးတု အလှူသာမက ခါးအောက်ပိုင်း မကောင်းတဲ့ ဝေဒနာရှင်တွေအတွက်လည်း ဝှီးချဲတွေ လှူထားသေးတယ်လို့ သိရပါတယ်။ သူဟာ ရရှိလာတဲ့ အနုပညာကြေးတွေကို စုဆောင်းရင်း အလှူအတန်းတွေ လုပ်လေ့ရှိတယ်လို့ ပြောပါတယ်။ သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် အခုချိန်မှာ သူ့ကို လှောင်ပြောင်ခဲ့ကြသူတွေကလည်း အကောင်းမြင်လာခဲ့ပြီလို့ ဝမ်းသာပီတိဖြစ်နေရင်း ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကျွန်တော့်ကို လောကသားအချင်းချင်း ပြန်ပြီးတော့ လက်ခံလာကြပါပြီ။ Celebrity တွထဲမှာတောင် အလှူလုပ်ပေးတဲ့ သူတွေ တော်တော်များများရှိလာကြပြီ။ ဒါက အပြင်လူတွေ လှူတာထက် လောကသားအချင်းချင်း လှူတော့ ပိုပြီးတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အရင်တုန်းက ကျွန်တော့်ကို လှောင်တဲ့သူတွေ၊ ဟားကြတဲ့သူတွေက အခုဆိုရင် အကောင်းမြင်လာကြပြီ။ ကျွန်တော် အသက်ရှင်နေသ၍ မျက်လုံးအလှူတွေ လုပ်နေမယ်၊ တခြား တတ်နိုင်သလောက်အလှူလေးတွေ လုပ်မယ်။ ဖောင်ဒေးရှင်းတစ်ခုအနေနဲ့ မသွားဘူး။ ကွက်လပ်ဖြည့်သူ သပ်သပ်အနေနဲ့ပဲ သွားမှာပါ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Wai Lu

ဝေလု ဟာ သရုပ်ဆောင် တစ်ဦးအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်လေ့ရှိသူ တစ်ယောက်ပါ။ သူဟာ အမြဲတမ်းအလိုလို လူဆိုး၊ လူမိုက် တစ်ဦး၊ အိမ်ကားမောင်းတဲ့ ဒါရိုက်ဘာတစ်ဦး၊ ကုမ္မဏီဝန်ထမ်း စတဲ့ ကာရိုက်တာတွေနဲ့ မြင်တွေ့ရလေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ သူဆောင်ရွက်နေတဲ့ ပရဟိတတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း ချီးကျူးအားပေးစကားဆိုခဲ့ကြပါသေးတယ်။ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ " မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ဝေလုက ပါဝင်သရုပ်ဆောင်ထားတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က