စစ်ကိုင်းတိုင်းဒေသကြီးထဲက စစ်ကိုင်း ၊ ရွှေဘို နဲ့ ကလေးမြို့နယ်တို့မှာ ကိုဗစ်၁၉ကူးစက်မှုမြင့်တက် လာတဲ့အတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home )အစီအစဉ် စတင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ မြို့နယ်သုံးခုရဲ့ Stay at Home အစီအစဉ်က ဒီနေ့ ဒီဇင်ဘာလ ၁၁ရက်မှာ စတင်မှာဖြစ်ပြီး ၂၄ရက်အထိ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေထဲမှာတော့ ကူးစက်မှုစတင်ခဲ့တဲ့ ဧပြီလ ၁၅ရက်ကနေ ဒီဇင်ဘာလ ၆ရက်အထိ ကိုဗစ်၁၉ပိုးတွေ့ရှိမှု (၁၀၇၃)ဦးရှိပြီး စစ်ကိုင်းမြို့နယ် ( ၂၀၂)ဦး ၊ ရွှေဘိုမြို့နယ် (၁၂၆)ဦး နဲ့ ကလေးမြို့နယ်မှာ (၂၄၇)ဦးရှိကာ ကူးစက်ပြန့်ပွားမှုအများဆုံးမြို့နယ်တွေဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ကူးစက်မှုအများဆုံး မြို့နယ်သုံးခုမှာ လက်ရှိကွာရန်တင်း နေထိုင်ရသူတွေက စစ်ကိုင်းမြို့နယ်မှာ (၇၄၇)ဦး ၊ ရွှေဘိုမြို့နယ်မှာ (၁၀၂၁)ဦး နဲ့ ကလေးမြို့နယ်မှာ (၄၁၃)ဦးရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကူးစက်မှုပိုမိုများပြားလာတဲ့ အထက်ပါ မြို့နယ်သုံးခုကို ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအရ မိမိအိမ်တွင်နေထိုင်ခြင်း ၊ တစ်ဦးနဲ့တစ်ဦးထိတွေ့မှုမရှိစေဖို့ Stay at Home ရဲ့ သတ်မှတ်စည်းကမ်းတွေကို မဖြစ်မနေလိုက်နာဖို့နဲ့ ပျက်ကွက်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။