FTC ဘက်က ဒီအရောင်းအဝယ်ကို အတည်ပြုပြီးသားလို့ Facebook က တုန့်ပြန်ပါတယ်

အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် FTC နဲ့ ၄၈ ပြည်နယ်ရှေ့နေချုပ်တွေဟာ ဈေးကွက်ပြိုင်ဆိုင်မှုဆန့်ကျင်တဲ့ လုပ်ငန်းဝယ်ယူမှုနဲ့ Facebook ကို တရားစွဲထားပါတယ်။

ဒီနှစ် အောက်တိုဘာလထဲမှာ အမေရိကန် ဈေးကွက်လက်ဝါးကြီးအုပ်မှု ၊ ကူးသန်းရောင်းဝယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ ဆပ်ကော်မတီက Amazon ၊ Apple ၊ Facebook နဲ့ Google တို့ကို ဈေးကွက်ပြိုင်ဆိုင်မှု ဆန့်ကျင်ခြင်း ၊ လက်ဝါးကြီးအုပ်ခြယ်လှယ်ခြင်းနဲ့ဖိအားပေးတဲ့ စီးပွားရေးလုပ်ထုံးတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတစ်ရပ် လုပ်ခဲ့ပါတယ်။



Photo: OPB


ဒီအစီရင်ခံစာ ထွက်လာပြီးနောက် မကြာခင်မှာ အမေရိကန်တရားရေးဌာနဟာ Google ကို ဈေးကွက်ပြိုင်ဆိုင်မှု အဟန့်အတားဖြစ်စေခြင်းနဲ့ လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ထုံးတွေအပေါ် ဈေးကွက်ခြယ်လှယ်မှုနဲ့ တရားစွဲခဲ့ပါတယ်။ အခုတစ်ကြိမ်မှာ FTC နဲ့ ၄၈ ပြည်နယ်ရှေ့နေချုပ်တွေပေါင်းပြီး WhatsApp နဲ့ Instagram ကို ဝယ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်မှုနဲ့ Facebook ကို အလားတူ တရားစွဲထားပါတယ်။

တရားစွဲဆိုရာမှာ Facebook ဟာ Instagram နဲ့ WhatsApp တို့ကို သူ့ရဲ့ ဈေးကွက်ဩဇာအာဏာလွှမ်းမိုးရေးမှာ ခြိမ်းခြောက်မှုတွေအဖြစ် သတ်မှတ်ပြီး ဒီဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ရမယ့်အစား ဝယ်ယူဖို့ လုပ်ခဲ့တာလို့ FTC က စွပ်စွဲထားတယ်လို့ XDA-Developers ကဖော်ပြထားပါတယ်။ ဒီလို ပြိုင်ဘက်ကုမ္ပဏီတွေကို ဝယ်ယူလိုက်ခြင်းအားဖြင့် တိုက်ရိုက်ခြိမ်းခြောက်မှုကို ပျက်ပြယ်အောင် လုပ်လိုက်ရုံတင် မဟုတ်ဘဲ တခြား လူမှုကွန်ရက်ပြိုင်ဘက်ကုမ္ပဏီတွေအနေနဲ့ ယင်းကို ယှဉ်ပြိုင်ဖို့ ပိုအခက်တွေ့စေခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နယ် ရှေ့နေချုပ်တွေရဲ့ တရားစွဲဆိုမှုကတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က Instagram ကို ဒေါ်လာ ၁ ဘီလျံနဲ့ Facebook ရဲ့ ဝယ်ယူမှုကို ပိုပြီး အသားပေးထားပါတယ်။ ဒီတရားစွဲမှုဟာ Facebook ရဲ့ လုပ်ငန်းဝယ်ယူမှုဗျူဟာပေါ်မေးခွန်းထုတ်ရုံတင်မဟုတ်ဘဲ ပြိုင်ဘက်ဝန်ဆောင်မှုတွေ အားနည်းစေဖို့ Facebook အနေနဲ့ သူ့ရဲ့ ပါဝါနဲ့ ပျံ့နှံ့မှုကို တလွဲအသုံးချခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

Photo: GSMArena


WhatsApp ကို ဝယ်ယူရာမှာ WhatsApp သုံးစွဲသူအချက်အလက်တွေကို အသုံးချခြင်းအားဖြင့် privacy မူ ပိုမိုကောင်းမွန်တဲ့ ပြိုင်ဘက်တွေရဲ့ ယှဉ်ပြိုင်မှုကို ချည့်နဲ့စေပြီး သုံးစွဲသူတွေကို ထိခိုက်နစ်နာအောင် လုပ်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Facebook ဟာ messaging ပလက်ဖောင်းတစ်ခုဖြစ်တဲ့ WhatsApp ကို ၂၀၁၄ ခုနှစ်ထဲမှာ စံချိန်တင် ဒေါ်လာ ၁၉.၃ ဘီလျံအထိ ပေးပြီး ဝယ်ခဲ့တာပါ။

FTC နဲ့ ရှေ့နေချုပ်တွေရဲ့ တရားစွဲဆိုမှုအပေါ် Facebook ဘက်က သဘောထားထုတ်ပြန်ရာမှာတော့ ဒီအရောင်းအဝယ်သဘောတူညီမှုကို FTC ဘက်က အတည်ပြုပြီး ဖြစ်ကြောင်းနဲ့ စည်းမျဉ်းနဲ့အညီ ဝယ်ယူမှုလုပ်ခဲ့တာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က