ရန်ကုန်မြို့ပတ်ရထားလမ်းနဲ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတို့မှာ အသုံးပြုမယ့် ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲသစ်ကြောင့် ရန်ကုန်-မန္တလေးကို (၈) နာရီအတွင်း ရောက်နိုင်ပြီး ရန်ကုန်မြို့မှာတော့ တစ်ပတ်ကို (၁) နာရီနဲ့ မိနစ် (၅၀) အတွင်း သွားလာနိုင်မယ်လို့ သိရပါတယ်။
Photo: Mitsubishi Corporation
ဂျပန်နိုင်ငံကနေ ရထားတွဲသစ် (၂၄၆) တွဲကို ဝယ်ယူဖို့ မြန်မာ့မီးရထားနဲ့ Mitsubishi Corporation တို့အကြား ဒီဇင်ဘာ (၇) ရက်နေ့က စာချုပ်ချုပ်ဆိုထားပြီး မြန်မာနိုင်ငံကို (၂၀၂၃) ခုနှစ်ကနေ (၂၀၂၅) ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့လည်း မြို့ပတ်လမ်းကို ပြင်ဆင်တာ ဒီဇင်ဘာကုန်ဆို ပြီးပြီ။ အချက်ပြစနစ်ဆက်လုပ်နေတယ်။ အချက်ပြစနစ်ကလည်း (၂၀၂၁) ကုန်ပိုင်းမှာ ပြီးသွားမယ်။ (၂၀၂၂) နှစ်ဆန်းပိုင်းဆိုရင် မြို့ပတ်ပိုင်းအတွက် ဂျပန်က ရထားတွဲဆိုင်းတွေ အသုတ်လိုက်ရောက်ဖို့ ရှိတယ်။ မြို့ပတ်ကတော့ (၂၀၂၂)မှာတော့ Run ဖို့ရှိတယ်။ အမြန်လမ်းကတော့ ရန်ကုန်-တောင်ငူပိုင်းက (၂၀၂၃) ဧပြီမှာလမ်းပိုင်းပြင်ဆင်တာပြီးစီးမယ်။ အဲဒီကာလမှာ တောင်ငူလောက်ကို ရထားပြေးလို့ရပြီ။ မန္တလေးဘက်ကိုတော့ (၂၀၂၁) ထဲ လမ်းပိုင်းပြင်ဆင်မယ်။ (၂၀၂၅) မှာတော့ ရန်ကုန်-မန္တလေး တောက်လျှောက်ပြေးနိုင်ပြီ” လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) တိုင်း (၇) မှ သွားလာရေးမန်နေဂျာ ဦးကျော်မျိုးလွင်က ပြောပါတယ်။
Photo: Mitsubishi Corporation
ရန်ကုန်-မန္တလေးရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေက အမြင့်ဆုံးမြန်နှုန်းတစ်နာရီကို (၁၀၀) ကီလိုမီတာနဲ့ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေက အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ၉၆၀ကီလိုမီတာနဲ့ ပြေးဆွဲသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ရထားတွဲသစ်တွေကို ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ၆၆တွဲ အသုံးပြုမှာဖြစ်ပြီး ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွက် ရထားတွဲ ၁၈၀ တွဲ အသုံးပြုသွားမယ်လို့လည်းဆိုပါတယ်။
ရထားတွဲဝယ်ယူဖို့ ဂျပန်နိုင်ငံ အစိုးရ တရားဝင်ဖွံဖြိုးမှုအစီအစဉ် အရ ချေးငွေနဲ့ ဝယ်ယူသွားပြီး တန်ဖိုးငွေကတော့ ဂျပန်ယန်း ၆၉ ဘီလီယံခန့် ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံကိုပို့မယ်ရထားတွဲတွေကို စပိန်နိုင်ငံရဲ့ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ CAF ကုမ္ပဏီကနေ ဂျပန်ထုတ်စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြုပြီး ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။