ပြည်ခိုင်ဖြိုးပါတီက တစ်ဦးတစ်ယောက်တည်း ခေါင်းဆောင်တဲ့ပါတီမဟုတ်ဘူးလို့လည်း ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပါတီတွင်းပြုပြင်ပြောင်းလဲရေးတွေနဲ့ တာဝန်ယူမှုအချိန်းအပြောင်းတွေက ငါးနှစ်တစ်ကြိမ် ပါတီညီလာခံမှာ ဆုံးဖြတ်တာဖြစ်လို့ ပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲက ၂၀၂၁ခုနှစ်မှာမှ ဖြစ်လာနိုင်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ပါတီရဲ့ ဗဟိုကော်မတီဝင်တွေကို ပါတီတွင်း အောက်ခြေကနေ အဆင့်ဆင့်ရွေးချယ်တာဝန်ပေးအပ် တာဖြစ်ပြီး ငါးနှစ်သက်တမ်းပြည့်တဲ့အခါ လုပ်ထုံးလုပ်နည်းတွေအရ ပါတီတွင်း အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ သိရပါတယ်။



" ကျွန်တော်တို့ပါတီက ငါးနှစ်တစ်ကြိမ် ပါတီညီလာခံရှိပါတယ်။ အားလုံးရဲ့ သက်တမ်းဟာလည်း ငါးနှစ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပါတီညီလာခံမှာ ရွေးချယ်ခံရတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ ဗဟိုကော်မတီဝင်တွေကို အဆင့်ဆင့် ပါတီတွင်း အောက်ခြေကနေပြီး အဆင့်ဆင့်ရွေးချယ်တာဝန်ပေးအပ်တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၁ခုနှစ်ဆို ငါးနှစ်သက်တမ်းပြည့်ပြီဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အဲဒီအခြေအနေကျမှပဲ ရှင်းလင်းတင်ပြနိုင်မှာဖြစ်ပါတယ်။အခုကတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကိစ္စတွေနဲ့ပတ်သက်ပြီး တရားမျှတမှုရှိရေးကိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပါတီဥက္ကဌကြီး ဦးဆောင်မှုနဲ့ ဆက်လက်ဆောင်ရွက်နေတယ် " လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားလိုက်တာပါ။

ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီဟာ ပါတီတွင်းအခြေအနေတွေကို အမြဲသုံးသပ်နေသလို တစ်ဦးတစ်ယောက်ထဲက ခေါင်းဆောင်တဲ့ပါတီမဟုတ်တဲ့အတွက် ပါတီရဲ့ အကောင်းအဆိုးကို အားလုံးက အမြဲစောင့်ကြည့်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

" ကျွန်တော်တို့ပါတီတွင်း ပြုပြင်ပြောင်းလဲမှုက အမြဲ update လုပ်နေတယ်။အမြဲတမ်းလည်း သုံးသပ်နေတယ် ။ ကျွန်တော်တို့ပါတီက တစ်ဦးတစ်ယောက်ထဲ ခေါင်းဆောင်တဲ့ ပါတီမဟုတ်ဘူး။ အစုအဖွဲ့နဲ့ ဆုံးဖြတ်တဲ့ပါတီဖြစ်တယ်။ကျွန်တော်တို့ရဲ့ အကောင်းအဆိုးကို review လုပ်ပြီးတဲ့အခါ ပြုပြင်ပြောင်းလဲမှု လုပ်နေတယ်။ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှုကို မြန်နိုင်သမျှ မြန်မြန်လုပ်ေ နပါတယ်။ထိုနည်းတူစွာပဲ ငါးနှစ်တာအချုပ်ကို လူကြီးတွေက သက်ဆိုင်ရာ အချိန်လိုက် ဆောင်ရွက်လျက်ရှိတယ် " လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ ဦးလှထွန်းအပါအဝင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ၊ ဦးသိန်းထွန်းဦး နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတို့က ဒီနေ့ ဒီဇင်ဘာလ ၁၁ရက်မှာ နေပြည်တော် ပါတီဌာနချုပ်မှာ မီဒီယာများနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲမဲမသမာမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ရှင်းလင်းပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က