ဘဏ္ဍာရေးပိုင်းနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်သိပ်မသိတဲ့ ကျွန်တော်တို့တွေ တော်တော်များများ အမှတ်မှားလေ့ရှိတာက Income နဲ့ Revenue ဆိုတာပါ။ ဒီနှစ်ခုစလုံးနဲ့ပတ်သက်ပြီးတော့ လွဲမှားတဲ့ သိမြင်မှုတွေဖြစ်တတ်လေ့ရှိပြီး မကြာခဏဆိုသလို ဒီလိုမှားယွင်းတတ်သူတွေကိုလည်း မြင်တွေ့ရတတ်ပါတယ်။ ဒါကြောင့် အခု Income နဲ့ Revenue အကြောင်းကို ကွဲကွဲပြားပြားသိအောင်ပြောပြပေးချင်ပါတယ်။ အနာဂတ်မှာ စီးပွားရေးလုပ်ကိုင်မယ့် လူငယ်၊လူရွယ်တွေအတွက် အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။


Income


ယေဘုယျအနေနဲ့ဆိုရင် ကျွန်တော်တို့က ဒါကို ဝင်ငွေလို့ပဲ သိကြပါတယ်။ ဒါက တော်တော်များမျာ းသိထားကြတဲ့အရာလည်းဖြစ်ပါတယ်။ ဒီမှာမှ လုပ်ငန်းအမျိုးအစားအလိုက် Income Type တွေကလည်း ကွဲပြားမှုတွေရှိပါတယ်။ Income က ဝင်ငွေဆိုတာ မှန်ကန်ပေမယ့်လည်း အမှန်တကယ်ရရှိတဲ့ ဝင်ငွေတွေထဲကမှ အသုံးစရိတ်၊ အခွန်အခတွေကို နုတ်ပြီးမှ ကျန်ရှိတဲ့ ငွေကို Income လို့ ခေါ်တာပါ။ ဥပမာပြောရမယ်ဆိုရင်တော့ တစ်ရက်တာရောင်းရငွေက တစ်သိန်းရှိတယ်ဆိုပါစို့။ အဲဒီထဲကမှ ရင်းနှီးငွေ ငါးသောင်း၊ အလုပ်သမားခတစ်သောင်း၊ သန့်ရှင်းရေးခတစ်သောင်းနှုတ်အပြီး ကျန်ရှိတဲ့ ငွေသုံးသောင်းက ကိုယ့်ရဲ့ Income ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ရှင်းသွားမယ်လို့ ယူဆပါတယ်။


Revenue


Revenue ဆိုကလည်း ဝင်ငွေလို့ပဲ သိထားကြမှာပါ။ ဒါပေမယ့် သူက Income နဲ့ ကွဲပြားမှုရှိပါတယ်။ Reveune ဆိုတာက ကိုယ့်ရဲ့လုပ်ငန်းက ဝန်ဆောင်မှုပေးတာ၊ ပစ္စည်းရောင်းတာတွေအတွက် ဖောက်သည်တွေဆီကနေ ရရှိတဲ့ ဝင်ငွေတွေအားလုံးကို ရည်ရွယ်တာပါ။ အခွန်အခ၊ အသုံးအစရိတ်တွေကို လုံးဝနှုတ်ထားခြင်းမရှိတဲ့ ဝင်ငွေကို Revenue လို့ သတ်မှတ်ပါတယ်။ အပေါ်မှာ ဥပမာပေးတဲ့အတိုင်း ပြောရမယ်ဆိုရင် တစ်ရက်တာရောင်းချရတဲ့ ငွေတစ်သိန်းစလုံးဟာ Revenue ပါပဲ။ ဒီကမှတဆင့် ပေးချေစရာရှိတဲ့အဖိုးအခတွေ၊ အသုံးစရိတ်တွေကို နှုတ်ပြီးမှ ကျန်ရှိတဲ့ ငွေတွေက Income ဆိုပြီး သတ်မှတ်တာပါ။ 


ဘယ်လိုစီမံခန့်ခွဲကြမလဲ


ဒါက ငွေစာရင်းပိုင်းနဲ့ပတ်သက်ပြီး အခြေခံအကျဆုံးဖြစ်တဲ့ Income နဲ့ Revenue ကို ခွဲခြားပြခဲ့တာပါ။ ဒီကမှတဆင့် အခြားသော စာရင်းအင်းဆိုင်ရာမှတ်တမ်းတွေ ရေးသွင်းပြီးတော့ လုပ်ငန်းရဲ့ အရှုံးအမြတ်၊ အသုံးစရိတ်တွေကို ခွဲခြားစိတ်ဖြာနိုင်မှာပါတယ်။ လုပ်ငန်းတစ်ခုရဲ့ Income ကို ကြည့်ခြင်းဖြင့် ဒီလုပ်ငန်းတွင်း အသုံးစရိတ်၊ လည်ပတ်ကုန်ကျစရိတ်တွေကို စီမံခန့်ခွဲတဲ့အခါမှာ ထိထိရောက်ရောက်စီမံနိုင်ခြင်းရှိမရှိကို သိနိုင်ပါလိမ့်မယ်။ Revenue ကို ကြည့်ခြင်းဖြင့်လည်း မိမိရဲ့ရောင်းအားအပေါ် အကောင်းဆုံ းစီမံနိုင်ခြင်းရှိမရှိကို အလွယ်တကူပဲ သိနိုင်မှာဖြစ်လို့ ဒီနှစ်ခုကို ကွဲကွဲပြားပြားသိမြင်ထားဖို့က အရေးကြီးပြီး သေချာကွဲပြားစွာ သိရှိထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ 


အတိုချုပ်ဆိုရမယ်ဆိုရင် -


ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု အစရှိတဲ့ ဘယ်လုပ်ငန်းကမဆို ဝင်လာသမျှငွေကြေးအားလုံးကို Revenue အဖြစ် ရေးသွင်းမှတ်သားထားရပါမယ်။ ဒါပေမယ့် ဒီငွေဟာ မိမိအတွက်အသားတင်ရရှိတဲ့ ဝင်ငွေမဟုတ်ဘူးဆိုတာကို သိထားရပါမယ်။ ဒါကြောင့် အခြားတဖက်မှာ လုပ်ငန်းအတွက် သုံးစွဲခဲ့တဲ့ အသုံးစရိတ်၊ ပေးချေရမှုတွေကိုလည်း ရေးသွင်းမှတ်သားရပါလိမ့်မယ်။ အသုံးစရိတ်တွေကို ဝင်ငွေထဲကမှ ပြန်နှုတ်ပြီး အသားတင်ကျန်ရှိတဲ့ ပမာဏကသာ မိမိရဲ့အသားတင်ဝင်ငွေ Income, Net Income ဒါမှမဟုတ် profit လို့ မှတ်ယူရမယ်ဆိုတာပါပဲ။ အပေါ်မှာပေးခဲ့တဲ့ ဥပမာလိုပါပဲ၊ ဝင်ငွေ ၁၀၀ ထဲကနေ အသုံးစရိတ် ၇၀ ကိုနှုတ်ယူပြီး ကျန်ရှိတဲ့ ၃၀ ကသာ မိမိရဲ့ income ပါ။ အများစုက ကုန်ကျငွေကို နှုတ်ယူဖို့သတိမထားမိဘဲ ဝင်လာသမျှအားလုံးကို ဝင်ငွေလို့ အမှတ်မှားနေကြလို့ တခါတလေမှာ အရှုံးပြတာကို သတိမမူတာတွေက ဖြစ်လေ့ရှိလို့ ဒါကို ကွဲပြားအောင် သိရှိထားတာက အကျိုးကျေးဇူးရှိပါလိမ့်မယ်။

ဝင်ငွေ (revenue) - အသုံးစရိတ် = အသားတင်ဝင်ငွေ (income) ဆိုပြီး သိမှတ်ထားမယ်ဆိုရင် အဆင်ပြေပါပြီ။ 


ဤဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါတယ်။

Share

Loading Next Article...
က္က