ဟန်နေတာကတော့ Eternal Gosh အဖွဲ့သားတွေ နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo: Eternal Gosh
အဆိုတော် ဟန်နေတာကတော့ အဆိုတော် တစ်ယောက်အနေနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာကတည်းက Eternal Gosh အဖွဲ့သားတွေကိုပါ လက်တွဲခေါ်ဆောင်လာတာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။
“ Band နဲ့ ကျွန်တော်ကတော့ Brother Mood ပဲ သွားတာ များတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ရင်ထဲမှာ ပွင့်ပွင့်လင်းလင်းပဲ။ ဒါကြောင့်လည်း သီချင်းတွေ လုပ်တဲ့ အချိန်မှာ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်တာလည်း ပါတယ်။ အဓိက ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးတော့ ရင်းနှီးမှုတွေ ရှိကြတဲ့ အတွက် သီချင်း ဖန်တီးတဲ့ နေရာမှာလည်း အရင်ကထက် ပိုပြီးတော့ ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။
Photo: Eternal Gosh
ညီအစ်ကို စိတ်ဓာတ်နဲ့ ပေါင်းသင်းကြတာ ဖြစ်တဲ့ အတွက် စိတ်တွေလည်း ပေါ့ပါးလွန်းတယ်လို့ ဟန်နေတာက ဆိုပါတယ်။ နယ်ဖျော်ဖြေပွဲတွေမှာဆိုရင် သူတို့ရဲ့ ရင်းနှီး ခင်မင်မှုတွေကို ပိုမြင်ရမယ်လို့လည်း သူက ပြောပါတယ်။
“ ရန်ကုန်မှာ မဟုတ်ပဲ နယ်မှာဆိုလည်း ဒရမ် တီးတာ ဘာညာဆိုရင် ကျွန်တော်လည်း ဝင်တီးလိုက်တာပဲ။ ပရိသတ်ကလည်း ကျွန်တော်တို့ အဖွဲ့ အပေါ် အထာမထားဘူး။ အဆောင်တွေမှာ ဂစ်တာ တီးတယ်ဆိုလည်း ကျွန်တော်တို့ကို အပေါ်ယံ သဘော အားပေးကြတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ အတူတူ သီချင်းအပေါ် လိုက်ပါ စီးမျှောသွားကြတာများတယ်။ ဒီလို Mood တွေကို ပျောက်မသွားစေချင်ဘူး။ အခုခေတ်မှာ အဆောင်မှာ ဂစ်တာတွေ တီးတာထက် ဖုန်းနဲ့ သီချင်း နားထောင်ကြတာ များတော့ အပြင်မှာရှိတဲ့ Mood တွေ ခံစားလို့ မရဘူးပေါ့" လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Eternal Gosh
ဟန်နေတာကိုတော့ ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’ ဆိုတဲ့ သီချင်းနဲ့ အားပေးတဲ့ ပရိသတ်အများအပြား ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူ ပန်းချီကား လက်ဆောင် ပေးခဲ့တဲ့သူအဖြစ်နဲ့လည်း ပရိသတ် စိတ်ဝင်စားမှု ပိုရလာတဲ့ အဆိုတော် တစ်ယောက်ပါ။ ဟန်နေတာ ရဲ့ ဂီတကိုတော့ ပရိသတ်တွေသာမက ဂီတအနုပညာရှင် အချင်းချင်းကပါ အားပေးဝန်းရံခဲ့တာကို တွေ့ရပါတယ်။