ကိုယ့်လုပ်ငန်းရဲ့ အရှုံးအမြတ်နဲ့ လုပ်ငန်းလည်ပတ်နေပုံတွေကို ကောင်းကောင်းသိရှိဖို့က Income နဲ့ Revenue ကို ခွဲခြားသိမြင်ဖို့ အရေးကြီးပါတယ်။ Income နဲ့ Revenue က မတူဘူးဆိုတာကို နားလည်မှလည်း လုပ်ငန်းလည်ပတ်နေပုံ၊ ရောင်းအား၊ ဝင်ငွေတွေကို ကောင်းကောင်းခွဲခြားနိုင်ပြီး ဘယ်လောက်အတိုင်းအတာထိ အောင်မြင်နေတယ်၊ အားသာချက်၊ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်းသိနိုင်မှာပါ။ ဒီလိုသိနိုင်ဖို့အတွက်ဆိုရင် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို အသုံးပြုရုံနဲ့ ကောင်းကောင်းသိနိုင်ပါတယ်။လုပ်ငန်းရဲ့ ငွေကြေးအခြေအနေကို အကျဉ်းချုပ်နားလည်ထားမှလည်း တိုးတက်လာနိုင်အောင် စီမံနိုင်မှာပါ။ ဒီနေရာမှာ ပန်းစိုက်တဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ဥပမာပေးသွားပါ့မယ်။
၁။ ကုန်ကျစရိတ်တွေကို တိတိကျကျရေးမှတ်ခြင်း
ကုန်ကျစရိတ်ဆိုတာကတော့ မိမိရဲ့လုပ်ငန်းထဲကို တစ်နှစ်အတွင်း၊ ခြောက်လအတွင်း၊ တစ်ရာသီအတွင်းထည့်ဝင်တဲ့ စုစုပေါင်းငွေဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်မှာမှ ရင်းနှီးမြုပ်နှံငွေ၊ အလုပ်သမားနှင့် အခြားကုန်ကျစရိတ်များဆိုပြီး ခွဲခြားလို့ရနိုင်ပါသေးတယ်။ လုပ်ငန်းပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွဲပြားမှုတွေကတော့ ရှိမှာဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စာရင်းသွင်းမှတ်သားထားဖို့က အရေးအကြီးဆုံးပါပဲ။ ဒါဆိုရင် ပန်းစိုက်တဲ့ လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကို ရေးမှတ်ပါမယ်။
က - လုပ်ငန်းထည့်ဝင်စရိတ်
- မြေသြဇာဖိုး
- မျိုးစေ့ဖိုး
- မြေယာပြုပြင်စရိတ်
- ပိုးသတ်ဆေးဖိုး
ခ - အလုပ်သမားနှင့် အခြားကုန်ကျစရိတ်
နေ့စားခ
ပေါင်းသင်ခ
ရေဖိုး + ပစ္စည်း
ဒါဆိုရင် လုပ်ငန်းအတွက် ကုန်ကျတဲ့ ထည့်ဝင်ငွေနဲ့ အခြားကုန်ကျစရိတ်တွေကို လွယ်လင့်တကူသိရှိနိုင်ပါပြီ။
၂။ နေ့အလိုက်ကုန်ကျစရိတ်များကို ရေးမှတ်ခြင်း
ဒီလိုရေးမှတ်တဲ့အခါမှာ သုံးစွဲလိုက်ရတဲ့ အသုံးစရိတ်အကြောင်းအရာကို တိတိကျကျရေးမှတ်တာက အကောင်းဆုံးပါပဲ။ တစ်ရက်ချင်းစီအလိုက် နေ့စားခ၊ မြေသြဇာဖိုး၊ ရေဖိုးဆိုပြီး မှတ်ထားမယ်ဆိုရင် သတ်မှတ်ကာလပြည့်တဲ့အချိန်မှာ ဘယ်အကြောင်းအရာအတွက် ဘယ်လောက်ထိကုန်ကျလဲဆိုတာကို သိနိုင်မှာဖြစ်ပြီး မလိုအပ်ဘဲ ပိုအသုံးပြုနေတာ၊ လိုအပ်နေတာတွေကို အထင်းသားတွေ့မြင်ရမှာပါ။ ဒါဆိုရင် လိုအပ်သလို ပြန်လည်စီမံပြီး အသုံးစရိတ်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဖန်တီးပြုပြင်နိုု်င်ပါလိမ့်မယ်။
၃။ လုပ်ငန်းရဲ့ အကြမ်းအမြတ်
ကုန်ကျစရိတ်တွေကို တိတိကျကျရေးမှတ်ထားတဲ့အတွက်ကြောင့် ပန်းခူးချိန်ရောက်ချိန်မှာ ရောင်းချလို့ရရှိလာမယ့် ဝင်ငွေကိုလည်း စာရင်းရေးမှတ်ရပါမယ်။ ဒါဆိုရင် ကုန်ကျစရိတ်နဲ့ ဝင်ငွေကို ခြားနားပြီး လုပ်ငန်းရဲ့အကြမ်းအမြတ်ကို တွက်ချက်နိုင်ပြီဖြစ်ပါတယ်။ ပန်းစိုက်ပျိုးမှုအတွက် စုစုပေါင်း ကုန်ကျစရိတ်က ၁၂၀၀၀၀ ရှိပြီး ရောင်းချမှုကနေ ၂၅၀၀၀၀ ရရှိခဲ့မယ်ဆိုရင် အကြမ်းအမြတ်က ၁၃၀၀၀၀ အထိရှိနေမှာကို အလွယ်တကူပဲ တွက်ချက်နိုင်မှာပါ။
ဒီလိုနည်းလမ်းနဲ့ တစ်ရာသီချင်း၊ တစ်လချင်း၊ တစ်နှစ်ချင်းစီကို တွက်ချက်နိုင်မှာဖြစ်လို့ လုပ်ငန်းရဲ့ တိုးတက်မှုက ဘယ်လိုပုံစံရှိလဲဆိုတာကို ကောင်းကောင်းတွေ့ရှိရမှာပါ။ လုပ်ငန်းလည်ပတ်မှုအားအကောင်းဆုံးအချိန်၊ အားအနည်းဆုံးအချိ်န်တွေကို ခွဲခြားနိုင်မှာဖြစ်ပြီး လိုအပ်သလို စီမံခန့်ခွဲပေးခြင်းနဲ့ လုပ်ငန်းက ပိုမိုတိုးတက်လာမှာ သေချာပါတယ်။ မိမိလက်ထဲမှာ ရှိနေမယ့် ငွေကြေးအခြေအနေကိုလည်း တိတိကျကျသိရမှာဖြစ်လို့ ထပ်မံရင်းနှီးမြှုပ်နှံဖို့၊ လိုအပ်ရင် ဘဏ်ချေးငွေရယူပြီး အကောင်အထည်ဖော်ဖို့အတွက်တွေအထိ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။
ကုန်ကျစရိတ်တွေကို နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက်စာရင်းပြုစုထားမှ မိမိလုပ်ငန်းရဲ့ income နဲ့ revenue ကို သိရမှာဖြစ်လို့ စာရင်းမှတ်ထားဖို့က အရေးကြီးပါတယ်။ ကုန်ကျစရိ်တ်တွေကို မှတ်သားထားမှုမရှိဘူးဆိုရင် လုပ်ငန်းရဲ့အမြတ်ငွေကို တိတိကျကျသိရှိနိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် လာမယ့်နှစ်တွေအတွက် လုပ်ငန်းတိုးချဲ့ဖို့။ လိုအပ်တာတွေဖြည့်ဆည်းပြီး မလိုအပ်တာတွေကို ဖယ်ထုတ်ဖို့အတွက်ပါ လုပ်ကိုင်နိုင်မှာပါ။ ခန့်မှန်းကုန်ကျစရိတ်နဲ့ တွက်ချက်ပြီး ရရှိလာတဲ့ အသားတင်အမြတ်ငွေက မှန်ကန်မှုနည်းပါးပြီး လုပ်ငန်းတိုးတက်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။
ဤဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါတယ်။