ယခုရက်ပိုင်းအတွင်း မရမ်းကုန်းမြို့နယ်က နေအိမ်တွေမှာ မြွေတွေမကြာခဏတွေ့ရှိတာကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးနေသလို ဒီဇင်ဘာလ ၁၂ရက်မှာ အရှည်(၁၅) ပေခန့်ရှိတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကိုလည်း ဖမ်းဆီးခဲ့ရပါတယ်။
ဒီနှစ်အတွင်းမှာတော့ မရမ်းကုန်းမြို့နယ်ကနေ မြွေအများဆုံးဖမ်းဆီးခဲ့ရသလို ယခင်နှစ်တွေထက်လည်း ပိုမိုစံချိန်တင်ဖမ်းဆီးခဲ့ရပြီး စပါးအုံးတွေ အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဓာတ်ပုံ-Myanmar Fire Service Department (မရမ်းကုန်းမြို့နယ်အတွင်း နေအိမ်တွေမှာ ဝင်ရောက်နေတဲ့ မြွေအချို့ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးစဉ်)
"ဒီနှစ်ထဲမှာတော့ (၆၀)ဝန်းကျင်ရှိပြီ။ သွားဖမ်းရတဲ့အကြိမ်ကလည်း အဲဒီ့လောက်ပဲ တစ်ခါတစ်လေမှ နှစ်ကောင်ပူးဖမ်းရတာ။ အဲဒါက အကြိမ်တော်တော်နည်းပါတယ်။ အခုလက်ရှိအထိ ဒီနှစ်ထဲမှာ အတွေ့အများဆုံးက စပါးအုံးအတွေ့အများဆုံးပေါ့။ ပြီးတော့ လင်းမြွေအတွေ့များတယ်၊နောက်ပြီး ငန်းစောင်းအတွေ့များတယ်။မြွေသွားဖမ်းရတဲ့ရပ်ကွက်တွေဆိုရင် ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ ၊၉ ၊ ၁၀ အဲဒီဘက်အခြမ်းက အများဆုံးဖမ်းရတယ် " လို့ မရမ်းကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့ ၊ တပ်ကြပ်ကြီး တိုးအောင်က Duwun ကို ပြောပါတယ်။
ရန်ကုန်တိုင်းမှာ မရမ်းကုန်းမြို့နယ်တစ်ခုထဲမှာပဲ ဒီလိုမြွေတွေအတွေ့များလာရတဲ့ အကြောင်းအရင်းကို တိတိကျကျမသိနိုင်ပေမယ့်လည်း မရမ်းကုန်းမြို့နယ်မှာ သစ်ပင်ခြုံနွယ် ထူထပ်တဲ့ ခြံဝန်းကျယ်တွေရှိတာကြောင့် ဖြစ်နိုင်သလို မြွေတွေမိတ်လိုက်တဲ့ရာသီဖြစ်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ အသက်ကယ်အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ထွန်းက Duwun ကို ပြောပါတယ်။
ဓာတ်ပုံ-Myanmar Fire Service Department (မရမ်းကုန်းမြို့နယ်အတွင်း နေအိမ်တွေမှာ ဝင်ရောက်နေတဲ့ မြွေအချို့ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးပေးစဉ်)
"သေချာမသိပေမယ့်လည်း မရမ်းကုန်းက အေဝမ်းခြံလို ၊ မရမ်းကုန်းမီးသတ်ရှေ့က စက်မှု(၁)လို တောတွေ ထနေတဲ့နေရာတွေရှိတယ်။နောက်ပြီးအဆောက်အဦတွေ တိုးချဲ့လာတာရှိတယ် ဒီတော့နေစရာမရှိတဲ့ သဘောပေါ့ ။ ဒီအချိန်က မိတ်လိုက်တဲ့ရာသီလည်း ဖြစ်တယ် ၊ အစာထွက်ရှာတာလည်း ဖြစ်နိုင်တယ် ။ ။မြွေတွေက အတွေ့များလာတာတော့ ဟုတ်တယ်။ စပါးအုံးတွေဆို အတွေ့များလာတာ တအားပဲ ။ ဘယ်လိုကြောင့်လဲတော့ သေချာမသိဘူး။ဘယ်ကနေ ရောက်လာလဲလည်း မသိနိုင်ဘူး " လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ အသက်ကယ်အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ထွန်းက Duwun ကို ပြောပါတယ်။
ဒီလိုဖမ်းဆီးရမိတဲ့ မြွေတွေထဲမှာ စပါအုံးမြွေတွေကလွဲပြီး အခြားအမျိုးအစားတွေကိုတော့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်တာဖြစ်ပြီး စပါးအုံးမြွေတွေကိုတော့ မင်္ဂလာဒုံမြို့နယ် ၊ စိတ္တသုခတပ်ဦးကျောင်း ၊ မြွေခြံကို ပို့ဆောင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။